.:: (English version) Click HERE ::.

Wednesday, March 30, 2011

Sunny March Blood Drive






ရွှေရင်အပေါင်း အေးစေမယ့် နွေတပေါင်း သွေးလှူပွဲ
စံပြဆေးရုံကြီး သင်္ဃန်းကျွန်း၊ ရန်ကုန်မြို့
March 27, 2011

Monday, November 1, 2010

Invited to attend Global Congress



RAVEN will participate in the ‘Global Congress of Youth Blood Donor Motivators’
organized by 'Let Us Care for You [LUCY]', which will be held in Kolkata, West Bengal, India
on 13th and 14th November 2010.

Saturday, June 26, 2010

July Rain Blood Drive



ဇူလိုင်လ ၈ ရက်နေ့၊ ၂၀၁၀ ခုနှစ်မှာ ကျွန်တော်တို့ RAVEN သွေးလှူရှင်အဖွဲ့အနေနဲ့ ဒုတိယအကြိမ်မြောက် သွေးလှူဒါန်းပွဲကို ကလေးဆေးရုံနဲ့ သင်္ဃန်းကျွန်း စံပြဆေးရုံမှာ ကျင်းပပါမယ်။ ကျွန်တော်တို့အဖွဲ့ကို ၂၀၀၆ ဇူလိုင်လ ၈ ရက်နေ့မှာ စတင် ဖွဲ့စည်းခဲ့တာဖြစ်လို့ အခုလာမယ့် ၂၀၁၀ ဇူလိုင်လ ၈ ရက်နေ့မှာဆိုရင် အဖွဲ့သက်တမ်း ၄ နှစ် ရှိပါပြီ။ အဖွဲ့သက်တမ်း ၄ နှစ်မြောက် အထိမ်းအမှတ်အနေနဲ့ သွေးလှူဒါန်းပွဲကို စီစဉ်ကျင်းပရခြင်းလည်း ဖြစ်သလို အခုချိန်ဟာ သွေးလွန်တုပ်ကွေးရာသီ မိုးတွင်းကာလလည်း ဖြစ်တဲ့အတွက်ကြောင့် သွေးလိုနေတဲ့ လူနာတွေ သွေး အလွယ်တကူ ချက်ချင်းအဆင်သင့် ရရှိစေလိုတဲ့ စေတနာလည်း ပါပါတယ်။ ဇူလိုင်မှာ ရွာတဲ့ မိုးတွေလိုမျိုး သွေးလိုနေတဲ့ လူနာတွေနဲ့ လူနာရှင်တွေရဲ့ သောကအပူမီးတွေကို အထိုက်အလျှောက် ငြိမ်းအေးသွားစေလိုတဲ့ မေတ္တာစေတနာတွေကြောင့် ဒီတခေါက် သွေးလှူပွဲကို ဇူလိုင်မိုးလို့ အမည်ပေးတာပါ ခင်ဗျာ။

Thursday, June 10, 2010

New Blood for the World

မေ ၂၀၀၅ ခုနှစ်မှာ Switzerland နိုင်ငံ Geneva တွင် ကျင်းပခဲ့သော World Health Organization (WHO) အဖွဲ့ဝင်နိုင်ငံ ၁၉၂ နိုင်ငံ ပါဝင်ဆွေးနွေးသည့် (၅၈) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံမှ စတင်ကာ မိမိစေတနာအလျှောက် သွေးလှူဒါန်းခြင်းနှင့် သွေးလှူဒါန်းမှု တိုးတက်များပြားလာစေဖို့ရာ အထောက်အကူဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် နှစ်စဉ်နှစ်တိုင်း၏ ဇွန်လ ၁၄ ရက်နေ့ကို ကမ္ဘာ့သွေးလှူရှင်များနေ့ဟု သတ်မှတ် ကြေငြာခဲ့ပါသည်။ ထိုနေ့သည် ABO သွေးအုပ်စုစနစ်ကို ရှာဖွေတွေ့ရှိခဲ့သော "Karl Landsteiner"၏မွေးနေ့လည်း ဖြစ်ပေသည်။ ကျွန်ုပ်တို့ပတ်ဝန်းကျင်ရှိ လူသားများအား သွေးလှူဒါန်းခြင်းဧ။် အကျိုးရှိ အရေးပါပုံကို သတိထားမိစေပြီး၊ သွေးလှူရှင်များကိုလည်း ပုံမှန်လှူဒါန်းပေးနိုင်သော အမြဲတမ်းသွေးလှူရှင်များဖြစ်စေရန် တိုက်တွန်းပေးသည်သာမက မည်သည့်အကျိုးအမြတ်ကိုမျှ မမျှော်ကိုးပဲ သွေးလှူဒါန်းပေးသော သွေးလှူရှင်များအားလုံးကို ကျေးဇူးတင် ဂုဏ်ပြုပေးသော နေ့တစ်နေ့ပင် ဖြစ်ပါသည်။

ယနေ့ကမ္ဘာပေါ်တွင် လူဦးရေတိုးပွားလာသည်နှင့်အမျှ ရောဂါမျိုးစုံ၊ ကပ်ဘေးမျိုးစုံကိုလည်း တစတစ တိုးပွားလာသောကြောင့် ရောဂါဘေးဒုက္ခကို လူသားများစွာတို့က ခံစားနေကြရပါသည်။ ဆုံးရှုံးမှုများကြောင့် ၀မ်းနည်းနင့်သီးစွာ ငိုကျွေးနေကြသော မျက်ဝန်းများ၊ ဒုက္ခပင်လယ်ထဲ စိတ်သောက ရောက်နေကြရသော ရောဝေဒနာသည်တို့မှာလည်း အမြောက်အများပင်။ ၀မ်းမြောက်ဖွယ်ရာတစ်ခုမှာ ထိုဝေဒနာရှင်များအတွက် စာနာကူညီ ထောက်ပံ့ပေးနေကြသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များလည်း များစွာပေါ်ထွက်လာကြခြင်းပင်ဖြစ်ပါသည်။ ကျန်းမာရေး၊ စီးပွားရေး၊ ပညာရေး၊ လူမှုရေး စသဖြင့် အမျိုးမျိုး စောင့်ရှောက်ကူညီပေးကြရာတွင် သွေးလှူဒါန်းခြင်းကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုတွင် အရေးကြီးသော အစိတ်အပိုင်းကြီးတစ်ခုအဖြစ် သတ်မှတ်ဆောင်ရွက်နေကြပါသည်။

ရောဂါအမျိုးအစားပေါင်းများစွာအတွက် သွေးသွင်းကုသရန် လိုအပ်သလို၊ မည်သည့်အကြောင်းဖြင့်မဆို ခန္ဓာကိုယ် ထိခိုက်ဒါဏ်ရာရရှိပြီး သွေးထွက်လွန်ခြင်း၊ ခွဲစိတ်ကုသချိန်တွင် ထွက်သွားသော သွေးပမာဏကို ပြန်လည်အစားထိုး ဖြည့်ဆည်းခြင်း စသည်တို့တွင်လည်း သွေးသည် အရေးကြီးသော ကဏ္ဍတစ်ခုအဖြစ် ရပ်တည်နေပါသည်။ သွေးနေရာတွင် အစားထိုးပေးနိုင်သောပစ္စည်းမှာ ယနေ့ထက်ထိတိုင် ပေါ်ထွန်းမလာသေးသည် မဟုတ်ပါလော။ သွေးကိုအစားထိုးနိုင်သောအရာ မရှိသေးသောကြောင့် လိုအပ်သောသွေးကိုသာ မရခဲ့ပါလျှင် ဆုံးရှုံးစရာ များစွာဖြစ်လာနိုင်ပါသည်။ တနည်းအားဖြင့် သွေးလှူရှင်များမရှိပါက ယခုထက်မက အသက်များဆုံးရှုံးကြဖို့ရာ ရှိနေပါတော့သည်။

သွေးလှူဒါန်းခြင်းမှာ မိမိစိတ်စေတနာ အလျောက် အရှုံးအမြတ် မတွက်ချက်ပဲ မိမိခန္ဓာအစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်သော သွေးဖြင့် ရောဂါဝေဒနာသည်တို့ ခန္ဓာချမ်းသာ တစုံတရာပေးနိုင်ရန် လှူဒါန်းခြင်းကြောင့် အလွန်ပင် မွန်မြတ်လှသော အသက်ကယ် အလှူတစ်ခုပင်ဖြစ်သည်။ ထို့အပြင် သွေးလှူဒါန်းခြင်းမှာ ငွေကြေးချမ်းသာကြွယ်ဝမှု၊ ဂုဏ်ပကာသနတို့နှင့် လားလားမျှ မသက်ဆိုင်သောကြောင့် ဆင်းရဲ၊ ချမ်းသာမရွေး၊ ရာထူးကြီးငယ်မရွေး လှူဒါန်းပေးနိုင်သော မြတ်သော အလှူတစ်ခုပင်ဖြစ်သည်။ သို့သော် သွေးလှူဒါန်းရန်သင့်သော ကျန်းမာရေးသတ်မှတ်ချက်များနှင့် ပြည့်စုံရန်တော့ လိုအပ်ပေသည်။


သွေးလှူရှင်များအနေဖြင့်လည်း မိမိကျန်းမာမှသာ သူတပါးအသက်ကို ကယ်တင်နိုင်မည်ဖြစ်သဖြင့် ကျန်းမာအောင် ကျင့်ကြံ နေထိုင်ကြရသည့်အပြင်၊ သွေးလှူဒါန်းရန် အချိန်လည်း ပေးရပါသေးသည်။ သွေးလှူဒါန်းခြင်းကြောင့် အနည်းနှင့်အများတော့ ပင်ပန်းကြမည်မှာ အမှန်ပင်။ သို့သော်လည်း သွေးလှူရှင်များမှာ မိမိခန္ဓာပင်ပန်းခြင်းကို ဂရုမပြုကြပဲ မိမိသွေးဖြင့် သူတပါး အသက်ကိုကယ်တင်ရန် စိတ်စောကြသည်မို့ သွေးလှူပြီးတိုင်း ပီတိများနှင့် အားပြန်ပြည့်နေကြစမြဲပင်ဖြစ်သည်။

ကမ္ဘာပေါ်တွင် ယနေ့ထက်ထိတိုင် သွေးလိုအပ်မှု (demand) နှင့် သွေးအထောက်အပံ့ရရှိမှု (supply) အချိုးချကြည့်ပါက မညီမျှသေးပေ။ သွေးလိုအပ်မှုပမာဏသည် သွေးရရှိသည့်ပမာဏထက် အမြဲတမ်းပင် သာ၍များနေသည်ကိုတွေ့ရပါသည်။ ထို့ကြောင့် သွေးလှူရှင်များ ပုံမှန်သွေးလှူဒါန်းနိုင်ရန်နှင့် ရာနှုန်းပြည့် မိမိစေတနာအလျောက် လှူဒါန်းပေးသော သွေးသန့်အလှူရှင်အသစ်များ ပေါ်ထွက်လာရေးကို ဦးစားပေးဆောင်ရွက်ဖို့ရန်မှာ လွန်စွာအရေးကြီးပါသည်။

သို့သော် သွေးလိုအပ်ချက်များသော အကျိုးဆက်များအနေနှင့် သွေးလှူရှင်များပေါ်ထွန်းလာရုံသာမကပဲ သွေးကိုငွေကြေးနှင့် လဲလှယ်ပေးသော သွေးရောင်းသူများ၊ သွေးပွဲစားများလည်းရှိကြပါသည်။ အကယ်၍သာ သွေးလှူဒါန်းသူများ အရေအတွက်များလာပါက ထိုသို့သော အနှုတ်သဘောဆောင်သည့်ကိစ္စများလည်း အလိုလိုပင် ပျောက်ကွယ်သွားမည်မှာ ဧကန်ဖြစ်ပါသည်။ အချို့သော တိုးတက်ဆဲတိုင်းပြည်များတွင်လည်း သွေးကို ငွေနှင့်ဝယ်ယူရသည့်ကိစ္စရပ်များလည်း ရှိနေကြပါသေးသည်။

၂၀၁၀ ခုနှစ် ကမ္ဘာ့သွေးလှူဒါန်းခြင်းဆိုင်ရာ လုပ်ဆောင်ချက်တစ်ခုအနေနှင့် "New Blood for the World"ဟူသော ဆောင်ပုဒ်ဖြင့် သွေးလှူရှင် လူငယ်များကို ဦးတည်ထားရည်ရွယ်၍ ၄င်းမှတဆင့် မျိုးဆက်သစ်သွေးလှူရှင်များ ပေါ်ထွန်းလာရေးနှင့် မည်သည့်အချိန်၊ မည်သည့်နေရာမှာမဆို သန့်ရှင်းစိတ်ချရဆုံးသော သွေးကို အဆင်သင့်ရရှိနိုင်စေရန် မိမိစိတ်စေတနာအလျှောက် အကျိုးအမြတ်မကြည့်ပဲ လာရောက်လှူဒါန်း အသက်ကယ်နိုင်ကြစေရန် တိုက်တွန်းပေးနိုင်မည်ဟု မျှော်လင့်ရပါသည်။

ထို့ကြောင့် ၁၄ ရက်နေ့ ဇွန်လတွင်ကျရောက်သော ကမ္ဘာ့သွေးလှူရှင်များနေ့တွင် ကမ္ဘာတ၀ှမ်းလုံးရှိ သွေးလှူရှင်များကို လှိုက်လှိုက်လှဲလှဲဂုဏ်ပြုရင်း၊ သင်သည်လည်း လူသားများအသက်ကယ်တင်နိုင်သော မည်သည့်အကျိုးအမြတ်ကိုမျှ မမျှော်ကိုးသော စေတနာရှင်သွေးသန့်အလှူရှင်တစ်ဦးအဖြစ် ပါဝင်ဆင်နွဲနိုင်ပါစေဟု ဆန္ဒပြုပါရစေလားဗျာ။

လူလွမ်း (RAVEN BDC)

(ref: wbdd website)

Saturday, May 22, 2010

Gift of water project (May 21)












မေလ ၂၁ ရက်နေ့မှာ RAVEN BDC အဖွဲ့သားတွေ တွံတေးမြို့နယ်အပိုင် ကရင်စုကျေးရွာ၊ ရွာသစ်နဲ့ ဂျောင်ဝိုင်းလေးကျေးရွာတွေမှာ သောက်ရေ ပံ့ပိုးလှူဒါန်းပေးခဲ့ပါတယ်။

ပံ့ပိုးမှုအလှူပစ္စည်းစာရင်း

ရေသမ္ဗာန် ၃ စီး၊ စုစုပေါင်း ရေဂါလံ ၂၄၀၀။

Thursday, May 20, 2010

Gift of water project (May 20)












မေလ ၂၀ ရက်နေ့မှာ RAVEN BDC အဖွဲ့သားတွေ တွံတေးမြို့နယ်အပိုင် ကရင်စုကျေးရွာနဲ့ ရွာသစ်မှာ သောက်ရေ ပံ့ပိုးလှူဒါန်းပေးခဲ့ပါတယ်။

ပံ့ပိုးမှုအလှူပစ္စည်းစာရင်း

ရေသမ္ဗာန် ၃ စီး၊ စုစုပေါင်း ရေဂါလံ ၂၄၀၀။

Wednesday, May 19, 2010

Gift of water project (May 18)












မေလ ၁၈ ရက်နေ့မှာ RAVEN BDC အဖွဲ့သားတွေ တွံတေးမြို့နယ်အပိုင် ချောင်းဖျားကျေးရွာမှာ သောက်ရေ ပံ့ပိုးလှူဒါန်းပေးခဲ့ပါတယ်။

ပံ့ပိုးမှုအလှူပစ္စည်းစာရင်း

ရေသမ္ဗာန် ၂ စီး၊ စုစုပေါင်း ရေဂါလံ ၁၈၀၀။ရေသန့်ဗူး ၁ လီတာ အတွဲပေါင်း ၂၀၀။
ရေသန့်ဗူး ၃၀ လီတာ ဗူးကြီး ၃၀။