.:: (English version) Click HERE ::.
Showing posts with label Emergency Response. Show all posts
Showing posts with label Emergency Response. Show all posts

Wednesday, June 18, 2008

Nargis Relief Operation

ဇွန်လ ၁၆ ရက်နေ့ မနက် ၆ နာရီမှာ အိပ်ယာထပြီး လက်ဖက်ရည်သောက် ထွက်လာခဲ့ပါတယ်။ မနေ့ကတည်းက မုန်တိုင်းရှိတယ်ဆိုတဲ့ သတင်းရထားလို့ ကြိမ်ကျောင်းကြီးကျေးရွာက ထူးအဖွဲ့သားတွေ စက်မောင်းတွေ လက်သမားတွေကို ပြန်ခေါ်ထားတဲ့အတွက် တည်းခိုတဲ့ အိမ်မှာ လူ အယောက် ၈၀ လောက် တည်းရတော့ အိပ်စရာနေရာ အတော်လေး ကျဉ်းပါတယ်။ ခြေချစရာ နေရာမရှိသလို အိမ်သာတက်ရင်လည်း အကြာကြီး တန်းစီစောင့်ရပါတယ်။
မနက်စာ စားပြီးတဲ့အခါ ပိုနေသေးတဲ့ ရေသန့်ဆေးပြားတွေကို ဘိုကလေးမြို့ပေါ်က ရေရှားတဲ့ ရပ်ကွက် ၂ ခုမှာ လိုက်လံ ဝေငှဖို့ ဘိုကလေးမြို့ထဲ ၀င်ခဲ့ပါတယ်။ သောက်သုံးရေအတွက် မိုးရေကိုသာ အဓိက အားထားနေရတဲ့ ရပ်ကွက်တွေပါပဲ။ အဲဒီ ရပ်ကွက်တွေမှာ စုစုပေါင်း အိမ်ခြေ ၇၃၀၊ အိမ်ထောင်စု ၈၅၂ စု ရှိပါတယ်။ ရေသန့်ဆေးပြား အပြား ၂၀၀ ကို ရပ်ကွက်ထဲက အိမ်တွေမှာ လိုက်လံ ဝေငှရင်း အသုံးပြုပုံကိုပါ ရှင်းလင်းပြသခဲ့ပါတယ်။ မနေ့က မုန်တိုင်းတိုက်တာ မဟုတ်ပဲ လေဆင်နှာမောင်း ၀င်တာဖြစ်တဲ့အကြောင်း ရပ်ကွက်ကလူတွေ ပြောပြလို့ သိခွင့်ရလိုက်ပါတယ်။ ရွာ ၂ ရွာ ပျက်စီးသွားတယ်လို့ ကြားရပါတယ်။ တစ်နေကုန်နီးပါး ရပ်ကွက်ထဲက အိမ်တွေကို တစ်အိမ်ဝင် တစ်အိမ်ထွက် ရေသန့်ဆေးပြား ဝေပေးခဲ့ပြီး တည်းခိုရာ အိမ်ကို ညနေပိုင်းလောက်မှာ ပြန်လာခဲ့ပါတယ်။

ဇွန်လ ၁၇ ရက်မှာတော့ ရန်ကုန်ပြန်ဖို့ ပစ္စည်းတွေကို ထုပ်ပိုးရပါတော့တယ်။ ပစ္စည်းတွေ သိမ်းဆည်းပြီးတော့ ထူးရုံးခန်းကို သွားပြီး ကျေးဇူးတင်စကား နှုတ်ဆက်စကား ပြောခဲ့ပါတယ်။ ပြီးတော့ ကားဂိတ်ကို နေ့လည် ၁၂ နာရီလောက်မှာ ဆင်းလာခဲ့ပါတယ်။ နေ့လည် ၁ နာရီမှာ ကားထွက်ပါတယ်။ ကျိုတ်လတ်မြို့ကို နေ့လည် ၃ နာရီကျော်မှာ ရောက်ရှိပြီး ခဏနားပါတယ်။ ည ၇ နာရီမှာ ဒဂုံဧရာ အဝေးပြေးကားဂိတ်ရှိရာ ရန်ကုန်မြို့ လှိုင်သာယာကို ရောက်ရှိခဲ့ပါတော့တယ်။

Sunday, June 15, 2008

Nargis Relief Operation

ဇွန်လ ၁၄ ရက်နေ့ မနက် ၅ နာရီမှာ အဖွဲ့သားအားလုံး မျက်နှာသစ်ဖို့ အချိန်တောင် မရပဲ စက်လှေပေါ်ကို အပြေးအလွှား တက်ကြရပါတယ်။ ထူးက ကျောင်းဆောက်ဖို့ အတွက် သယ်လာတဲ့ သစ်တွေကို ဖားကူးသဘောင်္ပေါ် တင်ပြီးနေပါပြီ။ အဲဒါနဲ့ မနက် ၅ နာရီခွဲမှာ လက်သမားတွေနဲ့အတူ ကျွန်းသာယာရွာကို ထွက်ခွါလာခဲ့ပါတယ်။ လမ်းတစ်လျှောက်လုံး လေမိုးတွေ ကြီးနေပါတယ်။ မနက် ၇ နာရီခွဲမှာ ကျွန်းသာယာကို ရောက်ပါတယ်။ သစ်ချတဲ့ အဖွဲ့က သစ်တွေချနေတုန်း ကျွန်တော်တို့ အဖွဲ့သားတွေက ရွာက လူကြီးတွေနဲ့ သွားရောက်တွေ့ဆုံပြီး လက်ရှိ လူဦးရေကို မေးမြန်းပါတယ်။ အဲဒီရွာမှာ အိမ်ခြေ တစ်ရာကျော်နဲ့ လူဦးရေ သုံးရာခန့် ရှိပါတယ်။ လူကြီးတွေကို ရေသန့်ဆေးပြား အသုံးပြုပုံကို ရှင်းလင်းပြသပြီး ရွာထဲက အိမ်တွေမှာ ရေသန့်ဆေးပြားများ ဝေပေးဖို့ ပြောခဲ့ပါတယ်။ ရေသန့်ဆေးပြား အပြား ၁၀၀ ပေးခဲ့ပါတယ်။

မနက် ၉ နာရီမှာ ကျွန်းသာယာက ပြန်လည် ထွက်ခွါခဲ့ပြီး ခါချဉ်ကျွန်းကို ခရီးဆက်ပါတယ်။ ခါချဉ်ကျွန်းကို နေ့လည် ၁၁ နာရီခွဲမှာ ရောက်ပါတယ်။ ထုံးစံအတိုင်း ရွာက လူကြီးတွေနဲ့ တွေ့ဆုံပြီး ဆေးပြား အသုံးချပုံကို ရှင်းလင်းပြသပါတယ်။ ခါချဉ်ရွာမှာ အိမ်ခြေ ၃၂ အိမ်ရှိပြီး လူဦးရေက ၁၃၂ ယောက်ပါ။ ခါချဉ်ကျွန်းအတွက် ရေသန့်ဆေးပြား အပြား ၅၀ ပေးဝေခဲ့ပါတယ်။ ခါချဉ်ကျွန်းကနေ နေ့လည် ၁၂ နာရီခွဲမှာ ပြန်လည်ထွက်ခွါခဲ့ပြီး ပွတ်လုံးတိုင်ရွာကို နေ့လည် ၂ နာရီမှာ ရောက်ရှိခဲ့ပါတယ်။ အဲဒီရွာမှာက အိမ်ခြေ ၂၅ အိမ်၊ လူဦးရေ ၁၀၀ ယောက် ရှိပါတယ်။ ပွတ်လုံးတိုင်ရွာအတွက် ဆေးပြား အပြား ၅၀ ပေးခဲ့ပါတယ်။ ခရီးစဉ်တစ်လျှောက်လုံး ထူးက ပံ့ပိုးပေးထားတဲ့ ဖားကူးသဘောင်္လေးနဲ့ ရွာတွေကို တစ်ရွာဝင် တစ်ရွာထွက် ခရီးဆက်နေပါတယ်။
ပွတ်လုံးတိုင်ကနေ ထွက်လာခဲ့တာ ညနေ ၄ နာရီမှာ ကြက်ပြေးရွာကို ရောက်ရှိပါတယ်။ ခရီးစထွက်တဲ့အချိန် မနက်ကတည်းက အခုချိန် ညနေ ၄ နာရီအထိ အဖွဲ့သားတွေ ဘာမှ မစားရသေးပါဘူး။ သောက်စရာ ရေလည်း မရှိတဲ့အတွက် မြစ်ရေကိုပဲ ရေသန့်ဗူးထဲထည့် ဆေးခပ်ပြီး သောက်ခဲ့ရပါတယ်။ ကြက်ပြေးရွာ ရောက်တော့ ထန်းလျှက်ခဲလေး တစ်ထုပ်ပဲ ၀ယ်လို့ရခဲ့တယ်။ အဲဒါနဲ့ ထန်းလျှက်ခဲကို ငါးယောက် ဝေမျှ စားလိုက်ရတာပေါ့။ ကြက်ပြေးရွာမှာ အိမ်ခြေ ၈၁ အိမ်နဲ့လူဦးရေ ၂၃၂ ဦးရှိတဲ့အတွက် ရေသန့်ဆေးပြား အပြား ၁၀၀ ပေးခဲ့ပါတယ်။ ကြက်ပြေးရွာကနေ ညနေ ၄ နာရီ ၄၅ မိနစ်မှာ ပြန်လည် ထွက်ခွါခဲ့ပြီး ညောင်ပိတ်ရွာကို ညနေ ၅ နာရီခွဲမှာ ရောက်ရှိပါတယ်။ ညောင်ပိတ်ရွာမှာက အိမ်ခြေ ၂၀ နဲ့ လူဦးရေ ၆၁ ဦးရှိပါတယ်။ ညောင်ပိတ်ရွာအတွက် ဆေးပြား အပြား ၅၀ ပေးခဲ့ပြီး ၆ နာရီမှ ထူးစခန်း တည်ရှိရာ ကြိမ်ကျောင်းကြီးကို ပြန်လှည့်လာခဲ့ပါတယ်။ ထူးစခန်းကို ည ၇ နာရီခွဲမှာ ရောက်ရှိပါတယ်။
ဇွန်လ ၁၅ ရက်နေ့မှာ ကြိမ်ကျောင်းကြီးကနေ ဘိုကလေးမြို့ကို ပြန်တဲ့ လမ်းတစ်လျှောက်က ရွာတွေကို ၀င်ပြီး ရေသန့်ဆေးပြားများ ဝေငှဖို့ စီစဉ်ထားပါတယ်။ မနက် ၈ နာရီမှာ မကျင်မြိုင်ရွာကို ရောက်ရှိပါတယ်။ ရွာမှာ အိမ်ခြေ ၇၀ နဲ့ လူဦးရေ ၁၃၀ ရှိတဲ့အတွက် ဆေးပြား အပြား ၅၀ ပေးခဲ့ပါတယ်။ ပိတ်ချောင်းရွာကို မနက် ၁၀ နာရီခွဲမှာ ရောက်ရှိခဲ့ပြီး ဆေးပြား အပြား ၅၀ ဝေငှပေးခဲ့ပါတယ်။ ပိတ်ချောင်းကနေ နေ့လည် ၁၁ နာရီ ၄၅ မိနစ်မှာ ထွက်ခွါလာခဲ့ပြီး လ၀ိုင်းကျွန်း(အနောက်)ရွာကို နေ့လည် ၃ နာရီမှာ ရောက်ရှိခဲ့ပါတယ်။ အိမ်ခြေ ၂၀၀ လူဦးရေ ၃၀၀ ရှိတဲ့အတွက် ဆေးပြား အပြား ၁၀၀ ပေးဝေခဲ့ပါတယ်။ ညနေ ၄ နာရီမှာ လ၀ိုင်းကျွန်းကနေ ပြန်လည် ထွက်ခွါခဲ့ပါတယ်။
လ၀ိုင်းကျွန်းကနေ ပြန်ထွက်လာတဲ့ လမ်းခရီးတစ်လျှောက်လုံး လှိုင်းလေ အတော်ကြီးပါတယ်။ လှိုင်းပုတ်တဲ့ ဒဏ်ကို အတော်လေး ခံရပါတယ်။ လူသေအလောင်းတွေကိုလည်း တွေ့နေရပြီး အပုပ်နံ့တွေလည်း ရပါတယ်။ ညနေ ၅ နာရီမှာ လ၀ိုင်းကျွန်း (အရှေ့)ရွာကို ရောက်ရှိခဲ့ပါတယ်။ အဲဒီမှာ အိမ်ခြေ ၁၀၀ လူဦးရေ ၂၀၀ ရှိပါတယ်။ အဲဒီရွာအတွက် ဆေးပြား ၁၀၀ ပေးဝေခဲ့ပါတယ်။ အဖွဲ့သားတွေလည်း ဗိုက်ဆာတာနဲ့ ရွာထဲက မုန့်ဆိုင်မှာ မုန့်ဝယ်တာ ဇီးထုပ် ၈ ထုပ်ပဲရပါတယ်။ အဲဒါနဲ့ အဆာပြေအဖြစ် ဇီးထုပ် ၈ ထုပ်ကို ခွဲဝေစားခဲ့ရပါတယ်။ လ၀ိုင်းကျွန်း(အရှေ့)ရွာကနေ ဘိုကလေးမြို့ကို ပြန်လည်ထွက်ခွါခဲ့တာ ည ၉ နာရီမှာ ဘိုကလေးမြို့ကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။ ကမ်းနားက ထမင်းဆိုင်တွေ အားလုံး ပိတ်သွားပြီဖြစ်လို့ တရုတ်ဆိုင်က ခေါက်ဆွဲကြော်တွေကို မှာပြီး စားခဲ့ရပါတယ်။ နှစ်ရက်အတွင်း ငတ်ခဲ့သမျှ အခုမှ စားရတဲ့ ဘ၀တွေပေါ့ဗျာ။ ချောချောမွေ့မွေ့ ပြန်လည် ရောက်ရှိကြောင်း ထူးရုံးခန်းကို သွားရောက် အကြောင်းကြားပြီး တည်းခိုတဲ့ နေရာကို ည ၁၁ နာရီမှာ ရောက်ရှိခဲ့ပါတယ်။

Friday, June 13, 2008

Nargis Relief Operation

ဇွန်လ ၁၃ ရက်နေ့ မနက် ၆ နာရီမှာ အိပ်ရာထပြီး ၆ နာရီခွဲမှာ မနက်စာ ထမင်းကြော် စားကြပါတယ်။ မနက် ၈ နာရီမှာ ထူးရုံးခန်းကို သွားပြီး ခရီးရှည် စထွက်ဖို့ စီစဉ်ပါတယ်။ ခရီးစဉ် ပြောင်းလဲသွားတာကြောင့် မနက်ပိုင်းမှာ မသွားဖြစ်တော့လို့ တည်းခိုရာကို ပြန်လာခဲ့ပါတယ်။ နေ့လည် တစ်နာရီမှာ ထူးစခန်းရှိရာ ကြိမ်ချောင်းကြီးရွာကို ထွက်မယ့် စက်လှေရှိတာကြောင့် အဲဒီစက်လှေနဲ့ပဲ လမ်းကြုံ လိုက်ဖို့ စီစဉ်လိုက်ပါတယ်။ ဒါနဲ့ အဖွဲ့က ပစ္စည်းတွေကို ထုပ်ပိုးပြီး ထူးဂိုဒေါင်မှာ စက်လှေထွက်မယ့်အချိန်ကို လယ်ထွန်စက်မောင်းမယ့် လူအင်အား ၃၀ နဲ့အတူ စောင့်နေလိုက်ပါတယ်။ နေ့လည် ၁၂ နာရီမှာ နေ့လည်စာကို လူခွဲပြီး စားကြပါတယ်။
လမ်းကြုံလိုက်လို့ရမယ့် စက်လှေအမည်က ကြံတိုင်းအောင်ပါ။ အဲဒီ စက်လှေက ထူးရဲ့ မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းအတွက် တခြားနေရာကနေ သစ်တွေ သွားသယ်နေတာပါ။ သစ်မှားသယ်လို့ အချိန်ထပ်ကြာပြီး ထပ်စောင့်လိုက်ရပါတယ်။ စက်လှေအမည်က ကြံတိုင်းအောင်ပါ။ ညနေ ၄ နာရီမှ စက်လှေ ရောက်လာပါတယ်။ ဒါပေမယ့် စက်လှေက တာဝန်ရှိသူတစ်ယောက်က စက်လှေမှာ ကုန်တွေများနေလို့ လူအများကြီး တင်လို့ မရတော့ကြောင်း လာပြောပါတယ်။ အဲဒါနဲ့ ထူးက ကျွန်တော့်တို့အဖွဲ့ဝင် ၅ ယောက်ကိုပဲ ထည့်ပေးလိုက်ပါတယ်။ စက်မောင်း အယောက် ၃၀ ကတော့ ကျန်နေခဲ့ပါတယ်။

ညနေ ၅ နာရီလောက်မှာ ကြိမ်ချောင်းကြီးရွာကို အသွား လမ်းခုလတ်မှာ လေကြီးမိုးကြီးတွေ ကျလာလို့ လိုက်လာတဲ့သူ အားလုံး ဘုရားတနေရပါတယ်။ ဒါပေမယ့် စက်လှေက ကြီးတော့ ဘာမှမဖြစ်ခဲ့ပါဘူး။ ည ၉ နာရီမှာ ကြိမ်ချောင်းကြီးရွာကို ရောက်ပါတယ်။ လှေဆိပ်ကနေ ထွက်လာပေမယ့် ဘယ်ကို သွားရမှန်း မသိပါဘူး။ အရာရာက မှောင်မှိက်နေပါတယ်။ နောက်ဆုံး ရွာသားတွေရဲ့ အကူအညီနဲ့ ထူး စခန်းချတဲ့နေရာကို ရောက်ရှိခဲ့ပါတယ်။ ထူးမှ တာဝန်ရှိသူများက ညအိပ်တည်းခိုဖို့ နေရာထိုင်ခင်းများကို စီစဉ်ပေးပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့ ထူးစခန်းကနေတဆင့် အဲဒီအနားတ၀ိုက်က ရွာတွေကို သွားဖို့ စီစဉ်ထားတာပါ။ ဒါကြောင့် စခန်းတာဝန်ရှိသူတွေက နောက်တစ်နေ့ မနက်မှာ ထွက်ခွါမယ့် စက်လှေအချိန်ကို ပြောပြပါတယ်။ အဲဒီမှာ စားစရာ ဘာမှ မရှိတော့လို့ ညစာ မစားပဲ ဒီအတိုင်း အိပ်ရာဝင်ခဲ့ရပါတယ်။

Thursday, June 12, 2008

Nargis Relief Operation

၂၀၀၈ ဇွန်လ ၁၁ ရက်နေ့မှာ ကျွန်တော်တို့ တောကျီးကန်းအဖွဲ့ ဘိုကလေးမြို့အနားတ၀ိုက်က ရွာတွေမှာ ရေသန့်ဆေးပြားတွေ ခပ်ဖို့အတွက် ခရီးစထွက်ခဲ့ပါတယ်။ ဒဂုံဧရာ အဝေးပြေးကားဂိတ်ကို နေ့လည် ၁၂ နာရီမှာ ရောက်ရှိခဲ့ပါတယ်။ မူလက နေ့လည် ၁ နာရီခွဲမှာ ကားထွက်မှာ ဖြစ်ပေမယ့် ကားပြင်နေတာကြောင့် စောင့်ဆိုင်းခဲ့ရပါတယ်။ နေ့လည် ၂ နာရီခွဲမှာမှ လှိုင်သာယာကနေ ကားထွက်ဖြစ်ခဲ့ပါတယ်။ ညနေ ၆ နာရီမှာ ကျိုက်လတ်မြို့ကို ရောက်ရှိပြီး ကားခဏနားချိန်မှာ ညစာစားကြပါတယ်။ ကျိုက်လတ်ကနေ ည ၆ နာရီခွဲမှာ ပြန်လည် ထွက်ခွါခဲ့ပြီး ဘိုကလေးမြို့ကို ည ၉ နာရီမှာ ရောက်ရှိခဲ့ပါတယ်။
ထူးက အင်ဂျင်နီယာ ၅ ယောက်ကို လာကြိုတဲ့ကားနဲ့ပဲ လေဘေးကယ်ဆယ်ရေးစခန်းကို လိုက်လာခဲ့ပါတယ်။ ထူးရဲ့ အစီအစဉ်နဲ့ပဲ ၄ ရပ်ကွက် ၅ လမ်းမှာ ငှားထားတဲ့အိမ်မှာပဲ စခန်းချပါတယ်။ အဲဒီအိမ်ကိုပဲ မနက် ၁ နာရီမှာ စက်မောင်း အယောက် ၃၀ ထပ်ရောက်လာပါတယ်။ အိမ်အပေါ်အောက် လမ်းသွားစရာ နေရာလပ် မရှိအောင် လူတွေ ပြည့်ကျပ်နေပါတယ်။ ခြင်ကလည်း ကိုက်... ယင်ကောင်ကလည်း များ... အိမ်သာတက်ဖို့ တန်းစီရနဲ့ ဒုက္ခအတော်လေး ရောက်ပါတယ်။

ကျွန်တော်တို့အဖွဲ့အနေနဲ့ ဘိုကလေးမှာ အနည်းဆုံး ၅ ရက်လောက် နေပြီး သောက်ရေသန့် ရရှိရေးလုပ်ငန်းတွေကို ဆောင်ရွက်မှာပါ။ ရေသန့်ဆေးပြားဗူးပေါင်း ၉ ဗူးကို ယူဆောင်လာခဲ့ပါတယ်။ ဆေးဗူး ၁ ဗူးမှာ ရေသန့်ဆေးပြား ၁၀၀ ပါရှိပါတယ်။ ရေလီတာ ၃၀၀ မှာ ရေသန့်ဆေးပြား ၁ ပြား ခပ်ရပါတယ်။ ရေသန့်ဆေးပြားတွေကို ပြည်ပက အလှူရှင်တစ်ဦးက ပံ့ပိုးကူညီပေးပါတယ်။
ဇွန်လ ၁၂ ရက်နေ့ မနက် ၈ နာရီမှာ အနားတ၀ိုက်က ရွာတွေအကြောင်း သတင်းစုံစမ်းခဲ့ပါတယ်။ ပြီးတော့ စက်လှေငှားဖို့ ရှာပုံတော် ဖွင့်ရပါတယ်။ နောက်ဆုံး စက်လှေတစ်စီးနဲ့ ဈေးတည့်ပြီး မနက် ၉ နာရီခွဲမှာ ဆက်ကျွန်းရွာကို စက်လှေငှားပြီး ထွက်လာခဲ့ပါတယ်။ စက်လှေငှားခက အသွားအပြန် ငါးသောင်းကျပ် ပေးရပါတယ်။ ၁၂ နာရီ ၄၅ မိနစ်မှာ ဆက်ကျွန်းရွာကို ရောက်ရှိပါတယ်။ ဆက်ကျွန်းရွာမှာ လောလောဆယ် လူဦးရေ ၅၀၀ လောက် နေထိုင်ပါတယ်။ သောက်ရွာအတွက် မိုးရေကိုသာ အဓိက အားထားနေရပါတယ်။ အဲဒါကြောင့် ရွာအတွက် သောက်ရေလှောင်ကန် လိုအပ်ချက် ရှိနေပါတယ်။

ကျွန်တော်တို့အဖွဲ့ရဲ့လုပ်ငန်းတွေကို ရွာလူထုကလည်း ၀ိုင်းကူညီပေးကြပါတယ်။ ရွာသားတွေက ရွာဦးကျောင်းကို လိုက်လံ ပို့ဆောင်ပေးပါတယ်။ ကျောင်းထိုင်ဆရာတော်ကို ဖူးမျှော်လျှောက်ထားပြီး ကျွန်တော်တို့အဖွဲ့ ယူဆောင်လာခဲ့တဲ့ ရေသန့်ဆေးပြားများ အသုံးပြုပုံအကြောင်းကို ရှင်းလင်းပြောပြပါတယ်။ ကျေးရွာလူထုကိုလည်း ရေသန့်ဆေးပြားများကို သောက်ရေများမှာ ထည့်သုံးဖို့ ပညာပေး မှာကြားပါတယ်။ ရွာလူထုကလည်း ၀မ်းရောဂါဖြစ်မှာကို ကြောက်တဲ့အတွက် ရေသန့်ဆေးပြားတွေကို သုံးစွဲပါမယ်လို့ ကတိပေးကြပါတယ်။
ရွာဦးကျောင်းက သောက်ရေစဉ့်အိုးကြီး ၂ လုံးမှာ ရေသန့်ဆေးပြားများ ခပ်ပေးခဲ့ပါတယ်။ အဖွဲ့ဝင်များကလည်း အဲဒီဆေးခပ်ထားတဲ့ ရေများကို သောက်သုံးပြခဲ့ပါတယ်။ အဖွဲ့အနေနဲ့ ဆက်ကျွန်းရွာအတွက် ရေသန့်ဆေး အပြား ၃၀ ကို ပေးခဲ့ပါတယ်။ ကျောင်းထိုင်ဆရာတော်ကပဲ တာဝန်ယူပြီး ရေသန့်ဆေးပြားတွေကို ခပ်ပေးမှာဖြစ်ပါတယ်။ နေ့လည် ၁ နာရီခွဲမှာ ဆက်ကျွန်းရွာကနေ ပြန်လည် ထွက်ခွါခဲ့ပြီး ကျွန်းညိုကြီးရွာကို ဆက်လက်ထွက်ခွါခဲ့ပါတယ်။ လမ်းမှာ လေတွေ မိုးတွေထန်လာပြီး ရာသီဥတု အလွန်ဆိုးဝါးတာနဲ့ ဆက်မသွားဖြစ်ခဲ့ပါဘူး။ အဲဒါနဲ့ ဘိုကလေးမြို့ကို ပြန်လည် ဦးတည် ထွက်ခွါလာခဲ့ပြီး ညနေ ၄ နာရီ ၄၅ မိနစ်မှာ ပြန်လည် ရောက်ရှိခဲ့ပါတယ်။ ဘိုကလေးရောက်မှာပဲ မြစ်ကမ်းဘေးမှာ ထမင်းဆိုင်မှာ ထမင်းဝင်စားခဲ့ပါတယ်။

ထမင်းစားပြီးတဲ့နောက် ထူးရုံးခန်းကို ပြန်သွားခဲ့ပြီး နောက်တစ်နေ့ သွားလို့ရမယ့် ခရီးစဉ်တွေအတွက် မြေပုံများကြည့်ပါတယ်။ ကျေးရွာတွေကို သွားနိုင်မယ့် လမ်းကြောင်းများကို ထပ်မံလေ့လာပြီး နောက်တစ်ရက် ၁၃ ရက်နေ့အတွက် စီစဉ်စရာရှိတာများကို စီစဉ်ခဲ့ပါတယ်။

Sunday, June 8, 2008

Nargis Relief Operation

၂၀၀၈ ခု ဇွန်လ ၈ ရက်နေ့မှာ ကျွန်တော်တို့ RAVEN Blood Donor Club က အဖွဲ့သားတွေနဲ့ သင်္ဃန်းကျွန်းမြို့နယ် လေးဒေါင့်ကန်လမ်းမကြီးပေါ်က မြသန္တာစတိုး မိသားစုတို့ ပူးပေါင်းပြီး ဒဂုံအရှေ့ပိုင်း ၁၂၅ ရပ်ကွက်မှ ပြည်သူများအတွက် ထမင်းထုပ်များ ဝေငှပေးခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့ အဲဒီနေရာမှာ ၂ ကြိမ်တိုင်တိုင် ဆေးအဖွဲ့စေလွှတ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ပါတယ်။ ရပ်ကွက်လေးက ရန်ကုန်နယ်နိမိတ်ထဲမှာ ရှိနေပြီး နီးနေရက်နဲ့ တခြားအလှူရှင်တွေ ကပ်ကျော်ခံနေရတဲ့ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရပ်ကွက်လေးတစ်ခုပါ။ မုန်တိုင်းမဖြစ်ခင်ကတည်းက တော်တော်ဆင်းရဲကြပါတယ်။ မုန်တိုင်းဝင်သွားတဲ့အချိန်မှာ ပိုဆိုးဝါးသွားခဲ့ပါတယ်။ အဖွဲ့အနေနဲ့ လူအယောက် ၂၀၀ အတွက် တုံကင် ၂၀၀ ပြင်ဆင်လာခဲ့ပါတယ်။ တုံကင်တစ်ခုအတွက် ထမင်းတစ်ထုပ်၊ ပဲကုလားဟင်းတစ်ထုပ်၊ ကြက်ဥပြုတ်တစ်လုံးနဲ့ ငါးပိထောင်းဗူးတစ်ဗူး ဝေပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ထမင်းဟင်းတွေ ပြတ်သွားခဲ့ရင် လိုရမယ်ရဆိုပြီး ခေါက်ဆွဲခြောက်ပါကင်တွေနဲ့ ကော်ဖီမစ်ထုပ်တွေလဲ အပိုဆောင်လာခဲ့ပါတယ်။ တန်းစီနေတဲ့လူတန်းကြီးကို တုံကင်တွေပေးရင်း ပထမတုံကင် လူ ၂၀၀ စာက မလောက်တဲ့အတွက် နောက်ထပ် တုံကင် ၅၀ ထပ်ရေးရပါတယ်။ နောက်ထပ် တုံကင် ၅၀ အတွက် ဝေပြီးသွားတဲ့အချိန်မှာ ထမင်းဟင်းနဲ့ ကြက်ဥပြုတ်တွေ၊ ငါးပိထောင်းဗူးတွေက ကုန်သွားပါပြီ။ ဒါပေမယ့် တန်းစီနေတဲ့သူတွေထဲမှာ မရသေးတဲ့သူတွေ ကျန်နေသေးပါတယ်။ ထမင်းဟင်း မရလိုက်တဲ့သူတွေကို ခေါက်ဆွဲခြောက် တစ်ထုပ်စီနဲ့ ကော်ဖီမစ်တစ်ထုပ်စီ ဆက်ဝေပါတယ်။ နောက်ထပ် လူအယောက် ၁၀၀ ဝေပြီးသွားတဲ့ အချိန်မှာတော့ ပါသမျှလဲ ကုန်သွားပါပြီ။ ပထမရည်ရွယ်ထားတာ လူ ၂၀၀ စာ ဆိုပေမယ့် ကျွန်တော်တို့ အခု လူ ၃၅၀ စာအတွက် ဝေပေးနိုင်ခဲ့ပါတယ်။ အားလုံးသိမ်းဆည်းပြီးတဲ့ အချိန်မှာတော့ ၁၂၅ ရပ်ကွက်က ကလေးလူကြီး တွေ့သမျှကို လက်ပြနှုတ်ဆက်ပြီး အဖွဲ့သားများအားလုံး ကားနှစ်စီးနဲ့ ပြန်လည်ထွက်ခွာခဲ့ပါတော့တယ်။












Tuesday, June 3, 2008

Nargis Relief Operation

ရန်ကုန်မြို့ရှိ စေတနာရှင်မိသားများစုနဲ့ ကျွန်တော်တို့ တောကျီးကန်းအဖွဲ့ အတူတကွ စုပေါင်းပြီး ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်အတွင်းက ရွာတွေကို ဆန်အိတ်များ၊ အိုးခွက်များ၊ လက်နှိပ်ဓါတ်မီးများ၊ အ၀တ်အထည်များ သွားရောက် လှူဒါန်းပေးခဲ့ပါတယ်။ သွားရောက်လှူဒါန်းပေးခဲ့တဲ့ ရွာတွေကတော့ ကျွန်းပင်ရွာ၊ ကျိုက်ကော်ကလေး၊ စုန်ယမ်း၊ ထန်းတော၊ ကျုံကြတ်၊ သာယာကုန်း၊ မြန်အောင်စုနဲ့ သောင်တန်းရွာတို့ ဖြစ်ပါတယ်။ အလှူပစ္စည်းများကို သယ်ဆောင်တဲ့အခါ ဝေငှတဲ့အခါမှာ ဒေသခံရွာသားများက ၀ိုင်းဝန်ကူညီဆောင်ရွက်ပေးပါတယ်။ အလှူအတွက် မေလ ၃၁ ရက်နေ့မှာ ရန်ကုန်မြို့ကနေ စတင်ထွက်ခွာခဲ့ပြီး ဇွန်လ ၂ ရက်နေ့မှာ ဒေးဒရဲမြို့မှ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ဒီတစ်ခေါက် ဒေးဒရဲအလှူမှာတော့ တောကျီးကန်းအဖွဲ့အနေနဲ့ အ၀တ်အထည်ဟောင်းများကို အဓိကထား ပံ့ပိုးကူညီ လှူဒါန်းပေးခဲ့ပါတယ်။

လှူဒါန်းဝေငှသောပစ္စည်းများ

ဆန်အိတ် -၂၀၀ အိတ်
ဒယ်အိုး - ၅၀၀ခု
ဒန်အိုး - ၅၀၀ ခု
အထည်ဟောင်း - ၇၀၀၀
ဆပ်ပြာ - ၁ ပုံး ( ၈၀တောင့်)
ပုဆိုးအသစ် - ၁၀၀၀၀ ထည်
လုံခြည်အသစ် - ၁၀၀၀၀ ထည်
ဓါတ်မီး - ၆၀၀ လက်
ကြက်သွန် - ၂၀၀ပိသာ
ဆား - ၂၀၀ပိသာ
ငပိထောင်း၊ ငါးခြောက်ကြော်၊ သကြားလုံး၊ ဘီစကွပ်၊ ဆေးဝါး
စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်းနှစ်ရာဝန်းကျင်ဖိုး လှူဒါန်းပေးခဲ့ပါတယ်။

















Friday, May 30, 2008

Nargis Relief Operation

ကျွန်တော်တို့ ရက်ဗန်အဖွဲ့အနေနဲ့ ဘီဘီအိတ်ခ်ျစီအဖွဲ့နှင့် ပူးပေါင်းပြီး မေလ ၈ ရက်နေ့က စပြီး ယခုအချိန်အထိ ဆက်လက်ပြီး ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)နဲ့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) တွေမှာ ဆေးအဖွဲ့ ၂ ဖွဲ့လွှတ်ပြီး လေဘေးသင့်ပြည်သူများ၊ ရဟန်းသံဃာတော်များကို အခမဲ့ ဆေးကုသပေးနေပါတယ်။ ဆေးကုဖို့ စုရပ်လုပ်ထားတဲ့ တချို့နေရာတွေက ကားသွားလို့ မရပါဘူး။ အဲဒီလို အခါမျိုးကျရင် ဆိုက်ကားရှိရင် ဆိုက်ကားနဲ့ ဆေးဝါးတွေကို သယ်ယူပါတယ်။ ဆိုက်ကားမရှိတဲ့ နေရာမျိုးကျတော့ စက်ဘီးကယ်ရီတွေ ရှိပါတယ်။ ဆရာဝန်တွေနဲ့ လုပ်အားပေး လူငယ်တွေကတော့ လမ်းလျှောက် လိုက်ကြတာပေါ့ဗျာ။ ဆေးကုသမှုမှာ လိုအပ်တဲ့ ဆေးဝါးကိုပါ တစ်ခါတည်း လူနာတွေဆီ ပံ့ပိုးပေးခဲ့ပါတယ်။ တစ်ရက်ကို ပျဉ်းမျှ ဆေးဖိုးက ၃ သိန်းလောက် ကုန်ကျပါတယ်။ မေလ ၂၅ ရက်နေ့မှာတော့ ဒေးဒရဲမြို့က တမာတကော ကျေးရွာကို ဆေးအဖွဲ့သွားရောက်ပြီး လေဘေးသင့် ပြည်သူများကို ဆေးကုသမှု ပေးခဲ့ပါတယ်။ ဆေးကုရင်းနဲ့ အ၀တ်တွေ လိုတဲ့နေရာမှာ အ၀တ်တွေ လှူဒါန်းပေးခဲ့ပါတယ်။ စားစရာ မရှိတဲ့နေရာမှ ဆန်အိတ်တွေ ပေါင်မုန့်တွေ လှူပေးခဲ့ပါတယ်။ ဆေးကုသဖို့ စုရပ်ကို မလာနိုင်တဲ့ လေဖြတ်လူနာတွေ၊ သက်ကြီးရွယ်အို လူနာတွေ ရှိခဲ့ရင်လည်း လူနာတွေရဲ့ အိမ်တွေရှိတဲ့နေရာအထိ လိုက်လံပြီး ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ပါတယ်။ ယနေ့အချိန်အထိ လူနာပေါင်း ၃၆၄၂ ဦးကို ကျန်းမာရေး စောင့်ရှောက်မှု ပေးနိုင်ခဲ့ပါတယ်ခင်ဗျာ။




























Wednesday, May 21, 2008

Nargis Relief Operation

ကျွန်တော်တို့ ရက်ဗန်အဖွဲ့အနေနဲ့ ဘီဘီအိတ်ခ်ျစီအဖွဲ့နှင့် ပူးပေါင်းပြီး မေလ ၈ ရက်နေ့က စပြီး ယခုအချိန်အထိ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)နဲ့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) တွေမှာ ဆေးအဖွဲ့ ၂ ဖွဲ့ စေလွှတ်ပြီး လေဘေးသင့်ပြည်သူများ၊ ရဟန်းသံဃာတော်များကို အခမဲ့ ဆေးကုသပေးနေပါတယ်။ စစချင်းမှာတော့ ဆေးအဖွဲ့ ၁ ဖွဲ့နဲ့ပဲ စတင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ဆရာဝန်တွေရော၊ ဆေးကျောင်းသား ဆေးကျောင်းသူတွေရော၊ စေတနာ့ဝန်ထမ်း လူငယ်တွေရော ပူးပေါင်းမှု ပံ့ပိုးမှု များပြားလာတဲ့အတွက် ဆေးအဖွဲ့ ၂ ဖွဲ့ခွဲပြီး အခြေခံကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ပါတယ်။ လိုအပ်တဲ့ ဆေးဝါးများကိုလည်း ပံ့ပိုးပေးပါတယ်။ ဓါတ်မှန်ရိုက်စရာ လိုအပ်တဲ့ လူနာများကိုလည်း စံပြဆေးရုံအနီးရှိ ဆေးခန်းများမှာ ဓါတ်မှန်ရိုက်ဖို့ စရိတ်ခံ စေလွှတ်ပေးခဲ့ပါတယ်။ ဆေးရုံတင်ဖို့ လိုအပ်တဲ့ လူနာများကိုလည်း ဆေးရုံသို့ လမ်းစရိတ်ခံ ပို့ဆောင်ပေးခဲ့ပါတယ်။ လေဘေးသင့်ပြည်သူတွေ လတ်တလော အဖြစ်များဆုံး ရောဂါတွေကတော့ စိတ်တုန်လှုပ်ခြောက်ခြားတာတွေ၊ ဖျားတာတွေ၊ ထိခိုက်ရှနာတွေ၊ ယားနာရောဂါတွေပဲ ဖြစ်ပါတယ်။ ဆေးအဖွဲ့အနေနဲ့ ဒဂုံမြို့သစ် (တောင်ပိုင်း)မှာဆိုရင် အမှတ် ၅၅ ရပ်ကွက်၊ အမှတ် ၁၂ ရပ်ကွက်၊ အမှတ် ၁၇ ရပ်ကွက်၊ အမှတ် ၁၄၀ ရပ်ကွက်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မှာဆိုရင် ရွာသာကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မှာဆိုရင် မြို့ဦးစေတီ စတဲ့နေရာတွေမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ကျောင်းထိုင်ဆရာတော် ဘုန်းတော်ကြီးများကို လျှောက်ထားပြီး နေ့စဉ် မနက် ၁၀ နာရီမှ ညနေ ၃ နာရီခွဲအထိ အခမဲ့ စေတနာဖြင့် ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ပါတယ်။ ၀မ်းရောဂါ ကာကွယ်ရေးအနေနဲ့လည်း ရေကိုကျိုချက် သောက်သုံးဖို့၊ တစ်ကိုယ်ရေး သန့်ရှင်းရေး ဂရုစိုက်ဖို့ စတဲ့ ကျန်းမာရေးအသိပညာများ ဖြန့်ဝေခဲ့ပါတယ်။ အခုအချိန်ထိ လူနာပေါင်း ၃၀၀၀ နီးပါးကို ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။