.:: (English version) Click HERE ::.

Friday, June 13, 2008

Nargis Relief Operation

ဇွန်လ ၁၃ ရက်နေ့ မနက် ၆ နာရီမှာ အိပ်ရာထပြီး ၆ နာရီခွဲမှာ မနက်စာ ထမင်းကြော် စားကြပါတယ်။ မနက် ၈ နာရီမှာ ထူးရုံးခန်းကို သွားပြီး ခရီးရှည် စထွက်ဖို့ စီစဉ်ပါတယ်။ ခရီးစဉ် ပြောင်းလဲသွားတာကြောင့် မနက်ပိုင်းမှာ မသွားဖြစ်တော့လို့ တည်းခိုရာကို ပြန်လာခဲ့ပါတယ်။ နေ့လည် တစ်နာရီမှာ ထူးစခန်းရှိရာ ကြိမ်ချောင်းကြီးရွာကို ထွက်မယ့် စက်လှေရှိတာကြောင့် အဲဒီစက်လှေနဲ့ပဲ လမ်းကြုံ လိုက်ဖို့ စီစဉ်လိုက်ပါတယ်။ ဒါနဲ့ အဖွဲ့က ပစ္စည်းတွေကို ထုပ်ပိုးပြီး ထူးဂိုဒေါင်မှာ စက်လှေထွက်မယ့်အချိန်ကို လယ်ထွန်စက်မောင်းမယ့် လူအင်အား ၃၀ နဲ့အတူ စောင့်နေလိုက်ပါတယ်။ နေ့လည် ၁၂ နာရီမှာ နေ့လည်စာကို လူခွဲပြီး စားကြပါတယ်။
လမ်းကြုံလိုက်လို့ရမယ့် စက်လှေအမည်က ကြံတိုင်းအောင်ပါ။ အဲဒီ စက်လှေက ထူးရဲ့ မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းအတွက် တခြားနေရာကနေ သစ်တွေ သွားသယ်နေတာပါ။ သစ်မှားသယ်လို့ အချိန်ထပ်ကြာပြီး ထပ်စောင့်လိုက်ရပါတယ်။ စက်လှေအမည်က ကြံတိုင်းအောင်ပါ။ ညနေ ၄ နာရီမှ စက်လှေ ရောက်လာပါတယ်။ ဒါပေမယ့် စက်လှေက တာဝန်ရှိသူတစ်ယောက်က စက်လှေမှာ ကုန်တွေများနေလို့ လူအများကြီး တင်လို့ မရတော့ကြောင်း လာပြောပါတယ်။ အဲဒါနဲ့ ထူးက ကျွန်တော့်တို့အဖွဲ့ဝင် ၅ ယောက်ကိုပဲ ထည့်ပေးလိုက်ပါတယ်။ စက်မောင်း အယောက် ၃၀ ကတော့ ကျန်နေခဲ့ပါတယ်။

ညနေ ၅ နာရီလောက်မှာ ကြိမ်ချောင်းကြီးရွာကို အသွား လမ်းခုလတ်မှာ လေကြီးမိုးကြီးတွေ ကျလာလို့ လိုက်လာတဲ့သူ အားလုံး ဘုရားတနေရပါတယ်။ ဒါပေမယ့် စက်လှေက ကြီးတော့ ဘာမှမဖြစ်ခဲ့ပါဘူး။ ည ၉ နာရီမှာ ကြိမ်ချောင်းကြီးရွာကို ရောက်ပါတယ်။ လှေဆိပ်ကနေ ထွက်လာပေမယ့် ဘယ်ကို သွားရမှန်း မသိပါဘူး။ အရာရာက မှောင်မှိက်နေပါတယ်။ နောက်ဆုံး ရွာသားတွေရဲ့ အကူအညီနဲ့ ထူး စခန်းချတဲ့နေရာကို ရောက်ရှိခဲ့ပါတယ်။ ထူးမှ တာဝန်ရှိသူများက ညအိပ်တည်းခိုဖို့ နေရာထိုင်ခင်းများကို စီစဉ်ပေးပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့ ထူးစခန်းကနေတဆင့် အဲဒီအနားတ၀ိုက်က ရွာတွေကို သွားဖို့ စီစဉ်ထားတာပါ။ ဒါကြောင့် စခန်းတာဝန်ရှိသူတွေက နောက်တစ်နေ့ မနက်မှာ ထွက်ခွါမယ့် စက်လှေအချိန်ကို ပြောပြပါတယ်။ အဲဒီမှာ စားစရာ ဘာမှ မရှိတော့လို့ ညစာ မစားပဲ ဒီအတိုင်း အိပ်ရာဝင်ခဲ့ရပါတယ်။

Thursday, June 12, 2008

Nargis Relief Operation

၂၀၀၈ ဇွန်လ ၁၁ ရက်နေ့မှာ ကျွန်တော်တို့ တောကျီးကန်းအဖွဲ့ ဘိုကလေးမြို့အနားတ၀ိုက်က ရွာတွေမှာ ရေသန့်ဆေးပြားတွေ ခပ်ဖို့အတွက် ခရီးစထွက်ခဲ့ပါတယ်။ ဒဂုံဧရာ အဝေးပြေးကားဂိတ်ကို နေ့လည် ၁၂ နာရီမှာ ရောက်ရှိခဲ့ပါတယ်။ မူလက နေ့လည် ၁ နာရီခွဲမှာ ကားထွက်မှာ ဖြစ်ပေမယ့် ကားပြင်နေတာကြောင့် စောင့်ဆိုင်းခဲ့ရပါတယ်။ နေ့လည် ၂ နာရီခွဲမှာမှ လှိုင်သာယာကနေ ကားထွက်ဖြစ်ခဲ့ပါတယ်။ ညနေ ၆ နာရီမှာ ကျိုက်လတ်မြို့ကို ရောက်ရှိပြီး ကားခဏနားချိန်မှာ ညစာစားကြပါတယ်။ ကျိုက်လတ်ကနေ ည ၆ နာရီခွဲမှာ ပြန်လည် ထွက်ခွါခဲ့ပြီး ဘိုကလေးမြို့ကို ည ၉ နာရီမှာ ရောက်ရှိခဲ့ပါတယ်။
ထူးက အင်ဂျင်နီယာ ၅ ယောက်ကို လာကြိုတဲ့ကားနဲ့ပဲ လေဘေးကယ်ဆယ်ရေးစခန်းကို လိုက်လာခဲ့ပါတယ်။ ထူးရဲ့ အစီအစဉ်နဲ့ပဲ ၄ ရပ်ကွက် ၅ လမ်းမှာ ငှားထားတဲ့အိမ်မှာပဲ စခန်းချပါတယ်။ အဲဒီအိမ်ကိုပဲ မနက် ၁ နာရီမှာ စက်မောင်း အယောက် ၃၀ ထပ်ရောက်လာပါတယ်။ အိမ်အပေါ်အောက် လမ်းသွားစရာ နေရာလပ် မရှိအောင် လူတွေ ပြည့်ကျပ်နေပါတယ်။ ခြင်ကလည်း ကိုက်... ယင်ကောင်ကလည်း များ... အိမ်သာတက်ဖို့ တန်းစီရနဲ့ ဒုက္ခအတော်လေး ရောက်ပါတယ်။

ကျွန်တော်တို့အဖွဲ့အနေနဲ့ ဘိုကလေးမှာ အနည်းဆုံး ၅ ရက်လောက် နေပြီး သောက်ရေသန့် ရရှိရေးလုပ်ငန်းတွေကို ဆောင်ရွက်မှာပါ။ ရေသန့်ဆေးပြားဗူးပေါင်း ၉ ဗူးကို ယူဆောင်လာခဲ့ပါတယ်။ ဆေးဗူး ၁ ဗူးမှာ ရေသန့်ဆေးပြား ၁၀၀ ပါရှိပါတယ်။ ရေလီတာ ၃၀၀ မှာ ရေသန့်ဆေးပြား ၁ ပြား ခပ်ရပါတယ်။ ရေသန့်ဆေးပြားတွေကို ပြည်ပက အလှူရှင်တစ်ဦးက ပံ့ပိုးကူညီပေးပါတယ်။
ဇွန်လ ၁၂ ရက်နေ့ မနက် ၈ နာရီမှာ အနားတ၀ိုက်က ရွာတွေအကြောင်း သတင်းစုံစမ်းခဲ့ပါတယ်။ ပြီးတော့ စက်လှေငှားဖို့ ရှာပုံတော် ဖွင့်ရပါတယ်။ နောက်ဆုံး စက်လှေတစ်စီးနဲ့ ဈေးတည့်ပြီး မနက် ၉ နာရီခွဲမှာ ဆက်ကျွန်းရွာကို စက်လှေငှားပြီး ထွက်လာခဲ့ပါတယ်။ စက်လှေငှားခက အသွားအပြန် ငါးသောင်းကျပ် ပေးရပါတယ်။ ၁၂ နာရီ ၄၅ မိနစ်မှာ ဆက်ကျွန်းရွာကို ရောက်ရှိပါတယ်။ ဆက်ကျွန်းရွာမှာ လောလောဆယ် လူဦးရေ ၅၀၀ လောက် နေထိုင်ပါတယ်။ သောက်ရွာအတွက် မိုးရေကိုသာ အဓိက အားထားနေရပါတယ်။ အဲဒါကြောင့် ရွာအတွက် သောက်ရေလှောင်ကန် လိုအပ်ချက် ရှိနေပါတယ်။

ကျွန်တော်တို့အဖွဲ့ရဲ့လုပ်ငန်းတွေကို ရွာလူထုကလည်း ၀ိုင်းကူညီပေးကြပါတယ်။ ရွာသားတွေက ရွာဦးကျောင်းကို လိုက်လံ ပို့ဆောင်ပေးပါတယ်။ ကျောင်းထိုင်ဆရာတော်ကို ဖူးမျှော်လျှောက်ထားပြီး ကျွန်တော်တို့အဖွဲ့ ယူဆောင်လာခဲ့တဲ့ ရေသန့်ဆေးပြားများ အသုံးပြုပုံအကြောင်းကို ရှင်းလင်းပြောပြပါတယ်။ ကျေးရွာလူထုကိုလည်း ရေသန့်ဆေးပြားများကို သောက်ရေများမှာ ထည့်သုံးဖို့ ပညာပေး မှာကြားပါတယ်။ ရွာလူထုကလည်း ၀မ်းရောဂါဖြစ်မှာကို ကြောက်တဲ့အတွက် ရေသန့်ဆေးပြားတွေကို သုံးစွဲပါမယ်လို့ ကတိပေးကြပါတယ်။
ရွာဦးကျောင်းက သောက်ရေစဉ့်အိုးကြီး ၂ လုံးမှာ ရေသန့်ဆေးပြားများ ခပ်ပေးခဲ့ပါတယ်။ အဖွဲ့ဝင်များကလည်း အဲဒီဆေးခပ်ထားတဲ့ ရေများကို သောက်သုံးပြခဲ့ပါတယ်။ အဖွဲ့အနေနဲ့ ဆက်ကျွန်းရွာအတွက် ရေသန့်ဆေး အပြား ၃၀ ကို ပေးခဲ့ပါတယ်။ ကျောင်းထိုင်ဆရာတော်ကပဲ တာဝန်ယူပြီး ရေသန့်ဆေးပြားတွေကို ခပ်ပေးမှာဖြစ်ပါတယ်။ နေ့လည် ၁ နာရီခွဲမှာ ဆက်ကျွန်းရွာကနေ ပြန်လည် ထွက်ခွါခဲ့ပြီး ကျွန်းညိုကြီးရွာကို ဆက်လက်ထွက်ခွါခဲ့ပါတယ်။ လမ်းမှာ လေတွေ မိုးတွေထန်လာပြီး ရာသီဥတု အလွန်ဆိုးဝါးတာနဲ့ ဆက်မသွားဖြစ်ခဲ့ပါဘူး။ အဲဒါနဲ့ ဘိုကလေးမြို့ကို ပြန်လည် ဦးတည် ထွက်ခွါလာခဲ့ပြီး ညနေ ၄ နာရီ ၄၅ မိနစ်မှာ ပြန်လည် ရောက်ရှိခဲ့ပါတယ်။ ဘိုကလေးရောက်မှာပဲ မြစ်ကမ်းဘေးမှာ ထမင်းဆိုင်မှာ ထမင်းဝင်စားခဲ့ပါတယ်။

ထမင်းစားပြီးတဲ့နောက် ထူးရုံးခန်းကို ပြန်သွားခဲ့ပြီး နောက်တစ်နေ့ သွားလို့ရမယ့် ခရီးစဉ်တွေအတွက် မြေပုံများကြည့်ပါတယ်။ ကျေးရွာတွေကို သွားနိုင်မယ့် လမ်းကြောင်းများကို ထပ်မံလေ့လာပြီး နောက်တစ်ရက် ၁၃ ရက်နေ့အတွက် စီစဉ်စရာရှိတာများကို စီစဉ်ခဲ့ပါတယ်။

Sunday, June 8, 2008

Nargis Relief Operation

၂၀၀၈ ခု ဇွန်လ ၈ ရက်နေ့မှာ ကျွန်တော်တို့ RAVEN Blood Donor Club က အဖွဲ့သားတွေနဲ့ သင်္ဃန်းကျွန်းမြို့နယ် လေးဒေါင့်ကန်လမ်းမကြီးပေါ်က မြသန္တာစတိုး မိသားစုတို့ ပူးပေါင်းပြီး ဒဂုံအရှေ့ပိုင်း ၁၂၅ ရပ်ကွက်မှ ပြည်သူများအတွက် ထမင်းထုပ်များ ဝေငှပေးခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့ အဲဒီနေရာမှာ ၂ ကြိမ်တိုင်တိုင် ဆေးအဖွဲ့စေလွှတ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ပါတယ်။ ရပ်ကွက်လေးက ရန်ကုန်နယ်နိမိတ်ထဲမှာ ရှိနေပြီး နီးနေရက်နဲ့ တခြားအလှူရှင်တွေ ကပ်ကျော်ခံနေရတဲ့ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ရပ်ကွက်လေးတစ်ခုပါ။ မုန်တိုင်းမဖြစ်ခင်ကတည်းက တော်တော်ဆင်းရဲကြပါတယ်။ မုန်တိုင်းဝင်သွားတဲ့အချိန်မှာ ပိုဆိုးဝါးသွားခဲ့ပါတယ်။ အဖွဲ့အနေနဲ့ လူအယောက် ၂၀၀ အတွက် တုံကင် ၂၀၀ ပြင်ဆင်လာခဲ့ပါတယ်။ တုံကင်တစ်ခုအတွက် ထမင်းတစ်ထုပ်၊ ပဲကုလားဟင်းတစ်ထုပ်၊ ကြက်ဥပြုတ်တစ်လုံးနဲ့ ငါးပိထောင်းဗူးတစ်ဗူး ဝေပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ထမင်းဟင်းတွေ ပြတ်သွားခဲ့ရင် လိုရမယ်ရဆိုပြီး ခေါက်ဆွဲခြောက်ပါကင်တွေနဲ့ ကော်ဖီမစ်ထုပ်တွေလဲ အပိုဆောင်လာခဲ့ပါတယ်။ တန်းစီနေတဲ့လူတန်းကြီးကို တုံကင်တွေပေးရင်း ပထမတုံကင် လူ ၂၀၀ စာက မလောက်တဲ့အတွက် နောက်ထပ် တုံကင် ၅၀ ထပ်ရေးရပါတယ်။ နောက်ထပ် တုံကင် ၅၀ အတွက် ဝေပြီးသွားတဲ့အချိန်မှာ ထမင်းဟင်းနဲ့ ကြက်ဥပြုတ်တွေ၊ ငါးပိထောင်းဗူးတွေက ကုန်သွားပါပြီ။ ဒါပေမယ့် တန်းစီနေတဲ့သူတွေထဲမှာ မရသေးတဲ့သူတွေ ကျန်နေသေးပါတယ်။ ထမင်းဟင်း မရလိုက်တဲ့သူတွေကို ခေါက်ဆွဲခြောက် တစ်ထုပ်စီနဲ့ ကော်ဖီမစ်တစ်ထုပ်စီ ဆက်ဝေပါတယ်။ နောက်ထပ် လူအယောက် ၁၀၀ ဝေပြီးသွားတဲ့ အချိန်မှာတော့ ပါသမျှလဲ ကုန်သွားပါပြီ။ ပထမရည်ရွယ်ထားတာ လူ ၂၀၀ စာ ဆိုပေမယ့် ကျွန်တော်တို့ အခု လူ ၃၅၀ စာအတွက် ဝေပေးနိုင်ခဲ့ပါတယ်။ အားလုံးသိမ်းဆည်းပြီးတဲ့ အချိန်မှာတော့ ၁၂၅ ရပ်ကွက်က ကလေးလူကြီး တွေ့သမျှကို လက်ပြနှုတ်ဆက်ပြီး အဖွဲ့သားများအားလုံး ကားနှစ်စီးနဲ့ ပြန်လည်ထွက်ခွာခဲ့ပါတော့တယ်။












Saturday, June 7, 2008

Thank you all...

နာဂစ်မုန်တိုင်းဒဏ်ခံရသော ဒုက္ခသည်များအား ကျန်းမာရေးစောင့်ရှောက်ကူညီပေးခြင်း အောင်မြင်မှု တစ်လပြည့်မှတ်တမ်း

နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီး (၄၈) နာရီအကြာတွင် RAVEN BDC မှ အမှုဆောင်အဖွဲ့ဝင် တစ်ဦးနှင့် စေတနာရှင် ဆရာဝန်တစ်ဦးတို့သည် မုန်တိုင်းဒဏ်ခံရသော ရန်ကုန်မြို့ ဒေါပုံ၊ သာကေတ ၊ တောင်ဒဂုံဆိပ်ကမ်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဒဂုံမြို့သစ် (တောင်ပိုင်း) စသည့် မြို့နယ် များသို့ သွားရောက် ကြည့်ရှု့ပြီး လေဘေးဒုက္ခသည်များကို ဆေးကုသမှု ပံ့ပိုး ကူညီရန်အတွက် ဒေသခံဘုန်းတော်ကြီးများနှင့် တိုင်ပင် ညှိနှိုင်းပြီး ဆေးကုသ ခွင့်ပြုပါရန် လျှောက်ထားခဲ့ပါသည်။

ကျန်းမာရေးစောင့်ရှောက်ကူညီပေးမှု စတင်ခဲ့သည့် ၂၀၀၈ မေလ ၈ ရက်နေ့မှ စတင်ပြီး ယနေ့ ၂၀၀၈ ဇွန်လ ၇ ရက် တစ်လပြည့်သောနေ့တွင် ရန်ကုန်တိုင်းအတွင်း မြို့နယ်များနှင့် ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်အပါအ၀င် နေရာပေါင်း ၃၄ နေရာတွင် လူနာပေါင်း ၄၂၇၅ ဦးကို ထိရောက်စွာ ကုသပေးနိုင်ခဲ့ပါသည်။

ဤလှုပ်ရှားမှုအောင်မြင်စေရန် တက်ကြွစွာကူညီခဲ့ကြသော စေတနာရှင် ဆရာဝန်များ ကိုလည်းကောင်းး ၊ RAVEN BDC မှ အဖွဲ့ဝင်များ၊ သွေးသန့် အလှူရှင်များကို လည်းကောင်း၊ စေတနာ့ဝန်ထမ်း လုပ်အားပေး Volunteer များကို လည်းကောင်း၊ ကုန်ကျသောစရိတ်များနှင့် ဂုဏ်ပြုငွေများကို ချီးမြှင့်လှူဒါန်းပေးခဲ့သော အလှူရှင်များကို လည်းကောင်း၊ နည်းပညာအားဖြင့် ကူညီပံ့ပိုးခဲ့သော စေတနာရှင်ဆရာဝန်ကြီးများ၊ ဆရာဝန်မကြီးများကို လည်းကောင်း အထူး ကျေးဇူးတင်ရှိပါကြောင်း RAVEN BDC မှ ၀မ်းမြောက်ဝမ်းသာ ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါသည်။



ကိုသန်းလွင်အောင် (ခ) ကိုကလော
Raven Blood Donor Club

Wednesday, June 4, 2008

Paternity Determination

မိဘနှစ်ပါးရဲ့ သွေးအုပ်စုက မွေးလာမယ့် ကလေးရဲ့ သွေးအုပ်စုအပေါ်မှာ သက်ရောက်မှုရှိပါတယ်။ မိဘတိုင်း ကိုယ့်သားသမီးရဲ့ ဖြစ်နိုင်ချေရှိတဲ့ သွေးအုပ်စုကို မမွေးခင်ကတည်းက သိချင်ကြမှာပါ။ သွေးအုပ်စု အေဘီအိုတွေဟာ သေချာမသိရင် နားမလည်ထားရင် အတော်လေးကို ရှုပ်ထွေးပါတယ်။ ဘာကြောင့်လဲဆိုတော့ အိုအန်တီဂျင် (O antigen) ကြောင့်ပါ။ လူတစ်ယောက်ရဲ့ သွေးက အေ ဆိုပေမယ့် တကယ်တမ်းကျတော့ သူရဲ့သွေးမှာ အေအန်တီဂျင်အပြင် အိုအန်တီဂျင်ပါ ပါရှိနိုင်တဲ့အတွက် အေအေ သို့မဟုတ် အေအို Genotype ဖြစ်နေတတ်ပါတယ်။ အဲဒီလိုပဲ ဘီသွေးအုပ်စု ပိုင်ရှင်ဖြစ်ပေမယ့် သူဟာ ဘီဘီ သို့မဟုတ် ဘီအို Genotype ဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့ရဲ့ မှတ်ပုံတင်မှာ သွေးအုပ်စုကို အေလို့ ရေးပေမယ့် တကယ်တမ်း သွေးအုပ်စုက အေအို ဖြစ်နေနိုင်ပါတယ်။ ဒါမျိုးလေးပေါ့...

Genotype
(DNA)
Blood
Type
AO or AA A blood type
AB AB blood type
BO or BB B blood type
OO O blood type

အဖေနဲ့ အမေ ဟာ အေသွေးအုပ်စုဖြစ်နေပြီး မွေးလာတဲ့ ကလေးဟာ အိုသွေး ဖြစ်နေတတ်တာ ဘာကြောင့်လဲဆိုတော့ အဖေနဲ့ အမေရဲ့ Genotype ဟာ တကယ်တော့ အေအို အမျိုးအစား ဖြစ်နေလို့ပါပဲ။ အိုသွေးအမျိုးအစား အဖေနဲ့ အမေမှာ ရလာမယ့် ကလေးကတော့ အိုသွေးပဲ ဖြစ်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ အိုသွေးမှာ Genotype အေတွေ ဘီတွေ လုံးဝ မပါလို့ပါပဲ။

အောက်မှာ ဖော်ပြထားတဲ့ ပုံလေးကတော့ အဖေနဲ့ အမေရဲ့ သွေးအုပ်စုပေါ် မူတည်ပြီး သားသမီးမှာ ဖြစ်လာနိုင်တဲ့ သွေးအုပ်စုကို ဖော်ပြပေးထားပါတယ်။
The ABO blood type of the child when the blood type of
the father and the mother are known (top chart)


The ABO blood type of the father if the blood type of
the child and the mother are known (bottom chart).

အပေါ်က ပုံလေးကတော့ အမေနဲ့ ကလေးရဲ့ သွေးအုပ်စုပေါ် အခြေခံပြီး ကလေးအဖေရဲ့ သွေးအုပ်စုက ဘာဖြစ်နိုင်သလဲ ဆိုတာကို ကြည့်လို့ရတဲ့ ဇယားလေးပါပဲ။

မိခင်၊ ဖခင်တို့ရဲ့ သွေးအုပ်စုနဲ့ ဖြစ်နိုင်ချေရှိတဲ့ သားသမီးရဲ့သွေးအုပ်စု အကြောင်းကတော့ ဒီလောက်ပါပဲ ခင်ဗျာ။

Tuesday, June 3, 2008

Nargis Relief Operation

ရန်ကုန်မြို့ရှိ စေတနာရှင်မိသားများစုနဲ့ ကျွန်တော်တို့ တောကျီးကန်းအဖွဲ့ အတူတကွ စုပေါင်းပြီး ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်အတွင်းက ရွာတွေကို ဆန်အိတ်များ၊ အိုးခွက်များ၊ လက်နှိပ်ဓါတ်မီးများ၊ အ၀တ်အထည်များ သွားရောက် လှူဒါန်းပေးခဲ့ပါတယ်။ သွားရောက်လှူဒါန်းပေးခဲ့တဲ့ ရွာတွေကတော့ ကျွန်းပင်ရွာ၊ ကျိုက်ကော်ကလေး၊ စုန်ယမ်း၊ ထန်းတော၊ ကျုံကြတ်၊ သာယာကုန်း၊ မြန်အောင်စုနဲ့ သောင်တန်းရွာတို့ ဖြစ်ပါတယ်။ အလှူပစ္စည်းများကို သယ်ဆောင်တဲ့အခါ ဝေငှတဲ့အခါမှာ ဒေသခံရွာသားများက ၀ိုင်းဝန်ကူညီဆောင်ရွက်ပေးပါတယ်။ အလှူအတွက် မေလ ၃၁ ရက်နေ့မှာ ရန်ကုန်မြို့ကနေ စတင်ထွက်ခွာခဲ့ပြီး ဇွန်လ ၂ ရက်နေ့မှာ ဒေးဒရဲမြို့မှ ရန်ကုန်မြို့ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ဒီတစ်ခေါက် ဒေးဒရဲအလှူမှာတော့ တောကျီးကန်းအဖွဲ့အနေနဲ့ အ၀တ်အထည်ဟောင်းများကို အဓိကထား ပံ့ပိုးကူညီ လှူဒါန်းပေးခဲ့ပါတယ်။

လှူဒါန်းဝေငှသောပစ္စည်းများ

ဆန်အိတ် -၂၀၀ အိတ်
ဒယ်အိုး - ၅၀၀ခု
ဒန်အိုး - ၅၀၀ ခု
အထည်ဟောင်း - ၇၀၀၀
ဆပ်ပြာ - ၁ ပုံး ( ၈၀တောင့်)
ပုဆိုးအသစ် - ၁၀၀၀၀ ထည်
လုံခြည်အသစ် - ၁၀၀၀၀ ထည်
ဓါတ်မီး - ၆၀၀ လက်
ကြက်သွန် - ၂၀၀ပိသာ
ဆား - ၂၀၀ပိသာ
ငပိထောင်း၊ ငါးခြောက်ကြော်၊ သကြားလုံး၊ ဘီစကွပ်၊ ဆေးဝါး
စုစုပေါင်း တန်ဖိုးငွေ ကျပ်သိန်းနှစ်ရာဝန်းကျင်ဖိုး လှူဒါန်းပေးခဲ့ပါတယ်။

















Sunday, June 1, 2008

Rebuilding after Nargis

လှိုင်မြစ်တစ်ဖက်ကမ်းမှာ တည်ရှိတဲ့ ကြည့်မြင်တိုင်မြို့နယ်အပိုင် အလတ်ချောင်းကျေးရွာမှာ Sanitation Project for Nargis survivors အရ ဆောက်လုပ်ပြီးစီးခဲ့တဲ့ အများသုံးအိမ်သာ ၄ လုံးတွဲနဲ့ အိမ်သာသုံးရေအတွက် ကျောက်ရေစည် ၂ လုံးကို ၂၀၀၈ ဇွန်လ ၁ ရက်နေ့မှာ ကျောင်းထိုင်ဆရာတော်ဆီမှာ ရေစက်သွန်းချ လှူဒါန်းပေးခဲ့ပါတယ်။ ပြုပြုခဲ့သမျှ ဒါနကုသိုလ် အစုစုကိုလည်း နာဂစ်မုန်တိုင်းအတွင်းမှာ အသက်ဝိဥာည်တွေ ကြွေလွင့်သွားခဲ့ရတဲ့ ပြည်သူပြည်သားများကို ရည်စူးပြီး အမျှပေးဝေခဲ့ပါတယ် ခင်ဗျာ။