.:: (English version) Click HERE ::.

Saturday, June 14, 2008

Rebuilding after Nargis

အလတ်ချောင်း ချောင်းဝကျေးရွာမှာ ဆောက်လုပ် လှူဒါန်းခဲ့ပြီးတဲ့နောက် အေးရွာ၊ အောက်ရုံ၊ စက်ဆန်းရွာမှာ အိမ်သာများ ဆက်လက်ဆောက်လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဆောက်လုပ်မယ့််ရွာတွေက တစ်ရွာနဲ့တစ်ရွာ အလှမ်းဝေးခြင်း၊ ပစ္စည်းများ သယ်ယူပို့ဆောင်ရာမှာ ရေလမ်း ကုန်လမ်း အသွယ်သွယ်နဲ့ သယ်ယူကြရပြီး အိမ်သာအတွက် ပစ္စည်းများထဲမှ ဆားဗစ်အင်္ဂတေခွေများ ကွဲခြင်း ကျိုးခြင်း စတဲ့ ဆုံးရှုံးမှုများ နည်းပါးဖို့နဲ့ သယ်ယူစရိတ်များ သက်သာစေဖို့ နည်းလမ်းများကို စဉ်းစားခဲ့ကြရပါတယ်။ အထူးသဖြင့် အင်္ဂတေခွေများကို သဗ္ဗာန်ပေါ်တိုက်ရိုက်တင်ယူ သယ်ဆောင်နိုင်ဖို့ အင်းစိန်မြို့နယ်- ရွာမမှာရှိတဲ့ အောင်ဖြိုးကျော် သံကွင်း ကျောက်ကွင်းကနေ အိမ်သာကျင်း အင်္ဂတေခွေများ၊ ကျင်းအဖုံးများ၊ အုပ်ဖိနပ်များ၊ မှာယူခဲ့ပါတယ်။

အိမ်သာဆောက်လုပ်မယ့် ရွာတွေကို ပစ္စည်းများတပြိုင်နက်ချဖို့ ကျေးရွာ ရ.ယ.က ဥက္ကဌများနဲ့အတူ တိုင်ပင် ဆွေးနွေးခဲ့ပါတယ်။ အဲဒီလို ဆွေးနွေးခဲ့ပြီး ဆောက်လုပ်ရန် ကျန်ရှိနေတဲ့ (အေးရွာ၊ အောက်ရုံ၊ စက်ဆန်း) ကျေးရွာ(၃)ရွာမှာ ပစ္စည်းများ တပြိုင်နက်ချရန်အတွက် ၂၀၀၈ ဇွန်လ ၅ ရက်နေ့ မနက် ၁၁နာရီအချိန်မှာ အေးရွာ၌ စုရပ်ပြုလုပ်ပြီး ရွာတစ်ရွာလျှင် သဗ္ဗ္ဗ္ဗာန် (၃)စီးနဲ့ ရွာ သုံးရွာအတွက် သဗ္ဗာန်ကိုးစီးကို တစ်စီးလျှင် ငွေကျပ် ၁၃၀၀၀နဲ့ ငှားရမ်းခဲ့ပြီး အင်းစိန် အောင်ဖြိုးကျော်ဆိပ်ကမ်းသို့ သွားရောက်သယ်ယူခဲ့ပါတယ်။ အဲဒီလို သွားရောက်ရာမှာ မြစ်တလျှောက် ရေတက်စအချိန်ဖြစ်တာနဲ့ ရေစုန်ဆင်းခဲ့ရာ ဘုရင့်နောင်တံတား ၊ လှိုင်သာယာကြိုးတံတား စတဲ့ တံတားများကို ဖြတ်ကျော်ကာ ၁ နာရီ ၁၅ မိနစ်ခန့် မောင်းနှင်ခဲ့ရပါတယ်။ အင်းစိန် အောင်ဖြိုးကျော် ဆိပ်ကမ်းကို နေ့လည် ၁၂း၄၅ အချိန်မှာ ရောက်ရှိခဲ့ပြီး ကျောက်ခွေများအား တစ်ရွာလျှင် အင်္ဂတေခွေ ၁၀ ခွေ၊ အုတ်ဖိနပ် ၆ လုံး၊ ကျင်းအဖုံး ၂ ချမ်း ၊ လေပိုက် ၂ လုံး၊ တီပိုက် ၁ လုံး တို့ကို သဗ္ဗာန် (၉) စီးပေါ်ကို အညီအမျှ တင်ဆောင်ကြပါတယ်။ အဲဒီလို တင်ဆောင်တဲ့အခါမှာလည်း အောင်ဖြိုးကျော်ဆိပ်ကမ်းမှ အလုပ်သမားများကို အင်္ဂတေခွေ ၁ လုံးကို တစ်ထောင်ကျပ်၊ အုတ်ဖိနပ် ၁ လုံးကို ငါးရာကျပ်၊ ကျင်းအဖုံး တစ်ခုကို ၁၀၀၀ ကျပ်နှုန်းနဲ့ ငှားရမ်း တင်ဆောင်ခဲ့ရပါတယ်။


အစကတော့ ပစ္စည်းတွေတင်ထားတဲ့ သဗ္ဗာန် ၉ စီးစလုံး အတူတူသွားပြီး ရွာတွေမှာ ပစ္စည်းပြန်ဖို့ စီစဉ်ခဲ့ပေမယ့်လည်း ရာသီဥတုအခြေအနေအရ (၁) ရွာစီတင်... သဗ္ဗာန် ၃ စီး စီခွဲပြီး ပြန်ခဲ့လိုက်ပါတယ်။ အောက်ရုံကျေးရွာ သဗ္ဗာန် (၃) စီး ကိုး ပစ္စည်းများ အရင်တင်ဆောင်ပြီး နေ့လည် ၁း၃၀ အချိန်မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။ စက်ဆန်းကျေးရွာ သဗ္ဗာန် (၃) စီးက နေ့လည် ၂း၁၅ အချိန်၊ အေးရွာ သဗ္ဗာန် (၃) စီး ကတော့ နေ့လည် ၃း၁၀ အချိန်တွင် ပြန်လည်ထွက်ခွာခဲ့ပါတယ်။ ကင်မရာမှာ အေးရွာ သဗ္ဗာန်နဲ့ လိုက်ပါခဲ့သွားတဲ့ အဖွဲ့ဝင်မှာ ပါသွားလို့ ကျန် စက်ဆန်းနှင့် အောက်ရုံကျေးရွာများမှာ ပစ္စည်းတင်တဲ့ပုံများ ရိုက်ခွင့်မရခဲ့ပါဘူး။

ကျွန်တော် အခုပြောချင်တာကတော့ အခုလို ကျွန်တော်တို့အဖွဲ့ရဲ့ အိမ်သာဆောက်လုပ်ပေးနေတဲ့ ရွာတွေထဲက စက်ဆန်းရွာလေး အကြောင်းပါ။ အခုဆို စက်ဆန်းကျေးရွာလေးက အောင်မင်္ဂလာဘုန်းကြီးကျောင်းဝင်း အတွင်းမှာရှိတဲ့ မြေလွတ်တစ်နေရာမှာ ကျွန်တော်တို့အဖွဲ့မှ လှူဒါန်းထားတဲ့ ယင်လုံအိမ်သာ (၄) လုံးတွဲဟာ ဆိုရင် ထည်ထည်ဝါ၀ါ ခိုင်ခိုင်ခန့်ခန့် နဲ့ ဆောက်လုပ်ပြီးစီးခဲ့ပါပြီ။ ၂၀၀၈ ဇွန်လ ၁၄ ရက်နေ့ မနက်( ၁၁း ၄၅ ) နာရီမှာ ဘုန်းကြီးကျောင်းမှာပဲ ရေစက်ချ လှူဒါန်းပြီးစီးခဲ့ပါပြီ။

စက်ဆန်းရွာလေးမှာ ရေအိမ်ဆောက်လုပ်ဖို့ သွားရောက် လေ့လာခဲ့ချိန်ကစပြီး အခုလို ဆောက်လုပ်ပြီးစီးချိန်ထိ တွေ့ကြုံခဲ့ရတဲ့ အခက်အခဲလေးတွေ။ ရယ်စရာလေးတွေကို အလှူရှင်တွေအပြင် အခြားစိတ်ဝင်စားသူတွေပါ သိရှိအောင်ပြောပြချင်ပါတယ်။ ရှေ့မှာပြောပြခဲ့တဲ့ အကြောင်းအရာတွေက ပစ္စည်းတွေကို ရွာတွေအရောက် လိုက်ပို့ပေးရာမှာ ရှိခဲ့တဲ့အခက်အခဲ တချို့တ၀က်နဲ့ သယ်ယူစရိတ် သက်သာအောင် ပစ္စည်းများစုပေါင်းဝယ်ပြီး တစ်ခေါက်တည်းနဲ့ သယ်ရတယ် ဆိုတာလောက်ပါပဲ။

အခုပြောမှာက စက်ဆန်းရွာတစ်ရွာထဲက အကြောင်းပါ။ အများသုံးဆိုပြီး အိမ်သာတွေကို ဘုန်းကြီးကျောင်းတွေထဲမှာပဲ ဘာလို့ဆောက်တာလဲဆိုပြီး အပြစ်တော့ မတင်ကြပါနဲ့နော်။ ကျွန်တော်တို့ ဆောက်တဲ့အိမ်သာတွေက အနည်းဆုံး ၅ နှစ်လောက် ကောင်းကောင်းခံတယ်။ အခိုင်အမာ ဆောက်တဲ့အတွက် နေရာအခက်အခဲ၊ ရေရှည် ထိန်းသိမ်းပေးနိုင်မှု ရှိမရှိ ဒါတွေအားလုံး လေ့လာပြီးမှ ဆောက်ရတာပါ။ ဒါတွေကို နောက်မှ ဆက်ရှင်းပါ့မယ်။


အလတ်ချောင်းချောင်းဝမှာ အိမ်သာဆောက်ပြီးတဲ့အခါ နောက်ထပ် အိမ်သာဆောက်ပေးရမယ့် ရွာတွေကို ကျွန်တော်တို့ ဆက်လေ့လာတော့ ကန္ဒားဈေးအနား... လှိုင်မြစ် တစ်ဘက်ကမ်းမှာရှိတဲ့ စက်စမ်းရွာလေးကို တွေ့ရှိခဲ့ပါတယ်။ တွေ့ရှိပုံက ဇွန်လ ၁ရက်နေ့ နေ့လည် ၁၂ နာရီခွဲ အလတ်ချောင်းချောင်းဝရွာမှာ ဆောက်ပြီးသွားတဲ့ အိမ်သာကို ရေစက်ချလှူဒါန်းခဲ့ပြီး အဲဒီ့ရွာကနေပဲ ကျွန်တော်တို့အဖွဲ့က သူငယ်ချင်း(၇)ယောက်လောက် အလတ်ချောင်းရွာ မြောက်ဘက်ပိုင်းကို တောလမ်းအတိုင်း ကျွန်တော်တို့ ချီတက်ခဲ့ကြတယ်။ အဲဒီ့လိုသွားရင်းနဲ့ပဲ ကွန်ကရစ်လမ်းတွေ ခင်းထားတဲ့ ရွာလေး တစ်ရွာကိုတွေ့ခဲ့တယ်။ အဲဒီ့ရွာက အောက်ရုံတဲ့။ အောက်ရုံကို ထပ်ဖြတ်ခဲ့တော့ နေ့လည် ၂ နာရီ ၅၀ မိနစ် အချိန်လောက်မှာ စက်ဆန်းဆိုတဲ့ ရွာကို ရောက်ရှိခဲ့ပါတယ်။


ရောက်ရောက်ချင်းပဲ ကျွန်တော်တို့ အဲဒီ့ရွာမှာ နေတဲ့လူတွေရဲ့ နေထိုင်စားသောက်ပုံတွေကို လေ့လာခဲ့ပါတယ်။ ရန်ကုန်မြို့ တစ်ဖက်ကမ်းမို့လို့ တော်တော့တယ်။ သူတို့နေတဲ့အိမ်တချို့က ချောင်းဘေးနားလေးမှာပေါ့။ အဲဒီ့ချောင်းက ရေတက်ချိန်ဆို အိမ်တွေရဲ့တိုင်ခြေ ၂ ပေလောက်အထိ ရေတက်ကြတယ်။ အခုကျွန်တော်တို့ အိမ်သာဆောက်တဲ့ ဘုန်းကြီးကျောင်းနဲ့ဆို နီးတယ်။ သူတို့မှာ အိမ်သာဘယ်လိုသွားလဲ မေးတော့ ယင်လုံအိမ်သာရယ်လို့ မရှိပါတဲ့။ မြေပေါ်အိမ်သာပဲ ရှိတယ်တဲ့။ မြန်မာစကားကို ဗမာနားမလည် ဖြစ်သွားပါတယ်။ ကြားလည်း မကြားဖူးပါဘူးဗျာ။ သေချာစပ်စုကြည့်မှ သူတို့က ဒီလိုဗျ။ အိမ်ပေါ်ကနေ အိမ်သာသွားတယ်။ အဲ ရေတက်လာပြီး ရေပြန်ကျသွားရင် အဲဒါတွေက ပါသွားရော။ မှတ်ထား အဲဒါမြေပေါ်အိမ်သာတဲ့။ နောက် အဲဒီ့ချောင်းရေပဲ ချိုးတယ်။ ကျွန်တော်ကို ပြောပြတဲ့သူဆိုရင် ပြောရင်းနဲ့ပဲ သူ့ထမင်းပန်းကန်ကို အဲဒီ့ချောင်းရေနဲ့ပဲ ဆေးနေတယ်။ ကဲ ဘယ်လောက် အခြေအနေဆိုးလဲ။

အဲဒါနဲ့ပဲ ကျွန်တော်တို့လည်း ဓာတ်ပုံတွေရိုက်ပြီး မှတ်တမ်းယူပြီး အဲဒီ့ရွာမှာ အိမ်သာဆောက်ဖို့အတွက် ရ.ယ.က ဥက္ကဌ ရှာပုံတော် ဖွင့်ရပြန်တယ်။ ညနေ ၄ နာရီထိုးတော့ စက်ဆန်း ရ.ယ.က ဥက္ကဌနဲ့ တွေ့ပါတယ်။ ဥက္ကဌက သူတို့ရွာအတွက် အိမ်သာ လိုအပ်တဲ့အကြောင်းနဲ့ လိုအပ်တဲ့အကူအညီများ ပေးပါမယ်... ဆိုပြီး အိမ်သာ ဆောက်လုပ်နိုင်မယ့် စာသင်ကျောင်းအနောက်က နေရာကို လိုက်လံပြသခဲ့ပါတယ်။ အဲဒီနေရာမှာ ဆောက်လုပ်နိုင်ကြောင်း ပြောဆိုတာနဲ့ ဓာတ်ပုံမှတ်တမ်းယူပြီး ည ၆ နာရီမှာ ရွာကနေ ကျွန်တော်တို့ ပြန်လည်ထွက်ခွာခဲ့ကြပါတယ်။


ဒီလိုနဲ့ပဲ ဇွန်လ ၅ ရက်နေ့ မနက် ၉ နာရီအချိန်မှာ... ရှေ့မှာ ပြောခဲ့သလို ပစ္စည်းတွေ သယ်ယူဖို့ စက်ဆန်းရွာက သဗ္ဗာန်သုံးစီးကို ငှားရမ်းခဲ့ပြီး အေးရွာမှာ သဗ္ဗာန်(၉)စီး စုပြီး နေ့လည် ၁၁ နာရီခွဲအချိန်မှာ ပစ္စည်းများ သွားရောက်သယ်ယူခဲ့ပတယ်။ အသွားမှာတော့ ၀န်မပါဘဲ ရေစုန်ဆင်းရလို့ အချိန် ၁ နာရီကျော်လေး မောင်းနှင်ခဲ့ရပေမယ့် ပစ္စည်းများ တင်ပြီးပြန်လာတဲ့အခါ သဗ္ဗာန်ပေါ်မှာ အင်္ဂတေခွေများနဲ့ ရေဆန်ပြန်တက်ခဲ့ရတာကြောင့် ၃ နာရီကြာ ပြန်မောင်းခဲ့ရပါတယ်။ ညနေ ၄ နာရီ ၁၀ မိနစ်မှာ စက်ဆန်းရွာလေးကို ရောက်ခဲ့ပါတယ်။ ဒီကြားထဲ မိုးရွာတော့ ကျွန်တော်တို့မှာ ဇောချွေးပျံခဲ့ရသေးတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ရေမှမကူးတတ်ကြတာ။ အသက်ကယ် Life Jacket တွေ ၀တ်တော့ လှေသမားတွေက ကျွန်တော်တို့ကို ရယ်ကြသေးတယ်ဗျာ။ မကြောက်ပါနဲ့တဲ့။ လှေမှောက်ရင် သူတို့ကယ်ပါ့မယ်တဲ့။ မိမိကိုယ်သာ အားကိုးရာဆိုတော့လည်း ဘာပဲဖြစ်ဖြစ်လေ... ၀တ်ထားတာက အကောင်းဆုံးပါပဲ။

အဲဒီ့လိုနဲ့ စက်ဆန်းရွာလေးကို ရောက်တော့ ရေက စကျနေပြီလေ။ ကမ်းနဲ့ရေစပ်နဲ့က ရေကျချိန်ဆို ပေ ၁၀၀ လောက် ဝေးတယ်ဗျ။ အဲဒီတော့ ရေမကျခင်လေး ပစ္စည်းတွေ ကမ်းပေါ်မြန်မြန်ရောက်အောင် ရွာသားတွေကို လိုက်ခေါ်ပြီး ခိုင်းရတယ်။ အကူအညီလိုရင်သာ ပြောကြလို့သာ ပြောတာ။ တကယ်တမ်းကျတော့ ပိုက်ဆံမပေးရင် မလုပ်ချင်ဘူးဗျ။ ကျွန်တော်တို့လည်း မနိုင်လို့ပေါ့။ ကျောက်ခွေတွေက အလေးကြီးဗျ။ အဲဒါနဲ့ ရွာသွားတွေကို လက်ဘက်ရည်ဖိုး ပေးမယ်ဆိုပြီး ကူညီခိုင်းရတော့တာပေါ့။ အလုပ်ပြီးဖို့က အရေးကြီးနေပြီလေ၊ အဲဒီအချိန် ဥက္ကဌ ဆိုတဲ့လူလည်း ဘယ်ရောက်နေမှန်းကို မသိဘူး။ ရွာသားတွေကလည်း သူတို့ရွာအတွက် လာလုပ်ပေးနေတာဆိုပြီး ပစ္စည်းတွေကို မပျက်စီးအောင် ကိုင်တွယ်လိမ့်မယ်လို့တော့ မထင်နဲ့ဗျို့။ ဘေးကနေ ဖြည်းဖြည်းမ၊ ဖြည်းဖြည်းချ ဆိုပြီး လိုက်ပြောပေးနေရသေးတယ်။ ကမ်းပေါ်ကို ပစ္စည်းတွေ အကုန်လုံးရောက်မှ ဥက္ကဌကြီးက ရောက်လာပါလေရော။ ပြောပါတယ် အဆင်ပြေလားတဲ့။ ကျွန်တော်ကလည်း ပြန်ပြောလိုက်ပါတယ်... ဟုတ်ကဲ့လို့။ အားလုံး ပြီးသွားပြီလေ။ အဲဒီမှတ်တမ်းတွေ ကို ဓါတ်ပုံရိုက်ခဲ့ချင်ပေမယ့် ကင်မရာက အေးရွာမှာ ကျန်ခဲ့တဲ့အတွက် မရိုက်ဖြစ်ခဲ့ပါဘူး။


ပစ္စည်းတွေတင်ပြီးချိန်က ည ၆ နာရီလောက်ဖြစ်မယ် ထင်တယ်။ ပြီးတော့ ဥက္ကဌကို ကျွန်တော် ဆက်ပြောပါတယ်။ ပစ္စည်းတွေကို ဆောက်မယ့်နေရာတွေကို ပို့ဖို့ စီစဉ်ပေးပါလို့ ပြောတော့ ပထမပြောတဲ့ စာသင်ကျောင်း အနောက် မဟုတ်တော့ဘူးတဲ့။ ကျွန်တော် စိတ်ညစ်သွားတယ်။ ဘယ်နေရာကို ပြောင်းသွားလဲဆိုတော့ ထုံးစံအတိုင်း ဘုန်းကြီးကျောင်းမှာတဲ့။ စာသင်ကျောင်းက ဘာဖြစ်လို့လဲလို့မေးတော့ ကျောင်းအုပ်ဆရာမနဲ့ ပညာရေးမှုးက ခွင့်မပြုလို့တဲ့ဗျာ။ အဲဒါနဲ့ ဘုန်းကြီးကျောင်းထဲကို အင်္ဂတေခွေတွေ ပို့ဖို့ လှည်းစီစဉ်ခိုင်းပါတယ်။ သူတို့ လှည်းစီစဉ်ပေးတာနဲ့ အခုန လက်ဘက်ရည်ဖိုးပေးပြီး အကူအညီတောင်းထားရတဲ့ ရွာသားတွေကိုပဲ မျက်နှာပြောင်တိုက်ပြီး ထပ်သယ်ခိုင်းရတော့တာပေါ့။ ရွာသားတွေကပဲ သယ်တာပြုတာ မကောင်းတာလား.... ကျွန်တော်တို့ ၀ယ်လာတဲ့ အင်္ဂတေခွေကပဲ မကောင်းတာလားတော့ မသိဘူး အဲဒီလို အသယ်မှာ အင်္ဂတေခွေတစ်ခွေ ကွဲသွားသေးတယ်၊ ကျွန်တော် ထပ်ပြီး စိတ်ညစ်သွားတယ်။ အဲဒါနဲ့ပဲ ည ၇ နာရီမှာ ဘုန်းကြီးကျောင်းထဲ အင်္ဂတေခွေ၊ အုတ်ဖိနပ်၊ ကျင်းအဖုံး အားလုံးရောက်အောင် ပို့ဖြစ်ခဲ့ပါတယ်။


အဲဒါတွေ အားလုံးဟာ ဇွန်လ ၅ ရက်နေ့မှာ ရေအိမ်ဆောက်ဖို့အတွက် အင်္ဂတေကျင်းခွေတွေကို အရင်ဦးဆုံးချခဲ့ရတဲ့ အဖြစ်အပျက်ထဲက တစ်ချို့တစ်ဝက်တွေပါ၊ အခက်အခဲတွေအားလုံးထဲမှာ အဆိုးဆုံးကတော့ လူတွေရဲ့ အတ္တတွေကို လိုက်ချေဖျက်ပြီး လုပ်ငန်းအမြန်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် လုပ်နေရတဲ့အချိန်မှာ တွေးရ ပြောရ ဆိုရတဲ့အလုပ်က စိတ်ရောလူရော တော်တော်ကို ပင်ပန်းခဲ့ပါတယ်။ အဲဒိနေ့ကဆိုရင် ကျွန်တော်တို့တစ်ဖွဲ့လုံး... တစ်ဖွဲ့လုံးလို့သာပြောရတာပါ တကယ်တော့ ကျွန်တော်တို့ သုံးယောက်ထည်းပါ။ သုံးယောက်တည်းဆိုတော့ တစ်ရွာမှာ တစ်ယောက်စီ လိုက်သွားရကြတဲ့အခါ တစ်ခုခုဖြစ်ရင် တိုင်ပင်ဖို့ လူမရှိတဲ့အပြင် ထမင်းစားဖို့ အပေါ့အပါး ဆီးသွားဖို့တောင် မေ့နေခဲ့ကြတယ်။ ကျွန်တော်တို့ ဒုက္ခတွေက အဲဒီအချိန်မှာ စာထဲထည့်ရေးဖို့လောက်တောင် အဆင့်မရှိခဲ့ဘူးလို့ ကျွန်တော်တို့အဖွဲ့က သဘောထားခဲ့ကြပြီး လုပ်ငန်းပြီးမြောက်ဖို့အတွက်သာ ရည်ရွယ်ပြီး အခက်အခဲတွေကို အောင်မြင်အောင် ကျော်ဖြတ်ကြိုးစားခဲ့ပါတယ်။

ဇွန်လ ၆ ရက်နေ့မှာတော့ စက်ဆန်းရွာလေးကို ကျန်တဲ့ သစ်၊သွပ်၊ သံအတိုအစ ပစ္စည်းတွေချဖို့ကို မနက် ၆ နာရီခွဲ လောက်ကတည်းက အိပ်ယာကထပြီး ကျွန်တော်တို့ သုံးယောက် ကန္နားဈေးကို သုတ်ခြေတင်ခဲ့ရပါသေးတယ်။ ကန္နားဈေးကို ရောက်တော့ သစ်ဆိုင်ကို အရင်သွားခဲ့ပါတယ်။ သစ်ဆိုင်ရောက်တော့ ၆ နာရီ ၄၅ မိနစ်။ အစောကြီးရှိသေးတယ်တဲ့ ဖြေးဖြေးပေါ့ မုန့်စားပြီးမှ သွားပါလားတဲ့ သစ်ဆိုင်က ဆိုင်ရှင်မမက ပြောပါတယ်၊။ မုန့်စားဖို့ထက် သစ်တွေ ဟိုဘက်ကမ်း ရောက်ဖို့အရေးကြီးပါတယ်လို့ ပြန်ပြောပြီး ကျွန်တော်တို့ အိမ်သာအတွက် လိုအပ်တဲ့ သစ်တွေကို ပေတိုင်းကြပါတယ်။


ဆိုးချင်တဲ့ကံက အဲဒီမှာ စတွေ့တော့တာပါပဲ။ ကျွန်တော်တို့ ရွာသုံးရွာအတွက် ၀ယ်တဲ့သစ်တွေထဲမှာ စက်ဆန်းအတွက် ၀ယ်တဲ့သစ်တွေထဲက သစ်အချို့တွေက ပေလိုနေခဲ့တယ်လေ။ လိုသလောက် သစ်က မရှိဘူးဖြစ်နေတယ်။ အဲဒိတော့ သစ်က တစ်ခေါက်ထဲနဲ့ မရောက်တော့ဘူးပေါ့။ အဲဒါနဲ့ပဲ ကျွန်တော်လဲ ကျန်တဲ့သစ်တွေ ဘယ်နေ့လောက်ရမလဲ။ ရှိတာပဲ အရင်ချထားတော့မယ် ဆိုပြီး ရတဲ့သစ်တွေကို ကမန်းကတန်း လှည်းနဲ့တင် ဆိပ်ကမ်းကိုချဖို့ စီစဉ်ခဲ့ရပါတယ်။ အဲဒီလို စီစဉ်ချိန်မှာပဲ ကျန်တဲ့ပစ္စည်းတွေ ၀ယ်ဖို့ ကန္နားဈေး ကိုအေးကိုမြင့် ဆိုင်ကို ပြေးခဲ့ရပါတယ်။ အဲဒီဆိုင်မှာ လိုအပ်တဲ့ပစ္စည်းတွေကို ရွာသုံးရွာစာ မှာထားခဲ့ပြီး ဆိပ်ကမ်းကိုချပေးဖို့ ပြောထားခဲ့ရပါတယ်။ ဆိပ်ကမ်းဆိုတာ ကန္နားဈေးက ကျောက်တံတားဆိပ်ကမ်းကို ပြောတာပါ။ ကိုအေးကိုမြင့်ထံ မှာပြီးတဲ့နောက် ဆိပ်ကမ်းက အလုပ်သမားတွေကို ပစ္စည်းချဖို့ သွားပြောရပါတယ်။ အလုပ်သမားတွေကလည်း ကောင်းပါတယ်။ အားလုံးကို ငါးသောင်း ပုတ်ပြတ်တဲ့။ ကျွန်တော်လည်း ပြောပါတယ်။ မတန်ဘူး သုံးသောင်း ရရင် တင်မယ်လို့ ပြောလိုက်ပါတယ်။၊ အဲဒီတော့ နဲနဲပိုပေးပါတဲ့၊ ပိုပေးဖို့ မတတ်နိုင်ဘူး... တင်နေကြ ဒီဈေးပဲလို့ ရွှေရတာပေါ့။၊ အဲဒါနဲ့ အဆင်ပြေသွားတယ်။

ဒါပေမယ့် အဆင်မပြေတာတစ်ခုက ကျွန်တော်တို့ဝယ်ထားတဲ့ သစ်အပါအ၀င် အခြားပစ္စည်းတွေက အရမ်းများတော့ သူတို့ဆိပ်ကမ်းမှာ ရှိတဲ့လျှောက်လမ်းကနေ တင်လို့မရဘူးဖြစ်နေတယ်။ အဲဒီမှာ လူတွေ အရမ်းများလို့တဲ့။ အဲဒါနဲ့ပဲ ဆိပ်ကမ်းဘေးကနေ ချတော့ ရွံတော တိုးရတော့တာပေါ့။ အဲဒီအချိန်က မနက် ၁၀ နာရီ ကျော်ကျော်လေးပဲ ရှိသေးတော့ ရေကလည်း ရေတက်ဖို့ မရှိသေးဘူးလေ။ ရေတက်ချိန် စောင့်ရင်လည်း ဟိုဘက်ကမ်းကို မိုးချုပ်မှရောက်မှာလေ။ အဲဒါတွေ စီစဉ်ပြီးသွားတော့ သဗ္ဗ္ဗ္ဗာန်က ထုံးစံအတိုင်း ရွာသုံးရွာအတွက် သုံးစီးငှားရပြန်ရော။ တစ်စီးကို ငွေတစ်သောင်း ပေးငှားခဲ့ရပါတယ်။ သဗ္ဗာန်တွေအားလုံး အဆင်ပြေပြီ ဆိုတော့မှ ပစ္စည်းတွေကို ဆိပ်ကမ်းမှာတင် သုံးရွာစာ မရောအောင် ခွဲပြီး တစ်ရွာစီ တင်ခဲ့ရပါတယ်။ အဲဒီလိုတင်တဲ့အချိန် ကျွန်တော်တို့မှာ အလှူရှင်တွေအတွက် မှတ်တမ်းတင်ဓါတ်ပုံတွေ ကြည့်နိုင်အောင်အတွက် ဓါတ်ပုံရိုက်ဖို့နဲ့ ပစ္စည်းတွေ တိတိကျကျ ရောက်အောင် သေသေချာချာ ကြပ်မတ်စစ်ဆေးနိုင်ဖို့အတွက် ရွံ့တောာ နွံတောထဲမှာ ကျွဲတွေလို ရုန်းခဲ့ရပါတယ်။ ရွံတွေထဲမှာ နေခဲ့ချိန် များလို့လားတော့ မသိဘူး ခြေသည်းတွေတောင် အရောင်ပြောင်းပြီး၊ ယားနာအဖုလေးတွေတောင် ပေါက်လို့ လာခဲ့ပါတယ်။ ဒီကြားထဲ အဖွဲ့ဝင်တစ်ယောက်က ရွံတောထဲမှာ သွားလာရင်း ပုလင်းကွဲရှလို့ မေးခိုင်ကာကွယ်ဆေး ထိုးပေးခဲ့ရပါသေးတယ်ဗျာ။

ဒီလိုပါပဲ အလုပ်လုပ်နေချိန်မှာ အခက်အခဲတော့ရှိတာပေါ့။ အဲဒါနဲ့ ပစ္စည်းတွေကို သေချာတင်ခဲ့ပြီး တစ်ရွာကို သဗ္ဗ္ဗာန်သုံးစီး ခွဲထွက်ခဲ့ရာမှာ ကျွန်တော်လိုက်ပါခဲ့တဲ့ စက်ဆန်းရွာ သဗ္ဗာန် သုံးစီးဟာ နေ့လည် ၁ နာရီလောက်မှာ ကမ်းကနေ စခွာခဲ့ပါတယ်။ နေ့လည် ၂ နာရီလောက်မှာ စက်ဆန်း တစ်ဘက်ကမ်းကို ရောက်ခဲ့ပါတယ်။ ရောက်ရောက်ချင်းပဲ ရ.ယ.က ဥက္ကဌကို သွားခေါ်ပြီး လှည်းစီစဉ်ခိုင်းတော့ အင်းမလုပ် အဲမလုပ်ပဲပေါ့။ ကျွန်တော်လည်း အရွဲ့တိုက်ပြီး မလုပ်မချင်း စောင့်နေခဲ့ပါတယ်။ ၄၅ မိနစ်လောက်ကြာမှ လှည်းရောက်လာတယ်။ ထုံးစံအတိုင်းပဲပေါ့။ ရွာသားတွေကို လက်ဘက်ရည်ဖိုးပေးပြီး တင်ခိုင်းရပါတယ်။ ညနေ ၄ နာရီမှာတော့ သစ်တွေရော အခြားပစ္စည်းတွေကိုရော ဘုန်းကြီးကျောင်းထဲ အရောက်ပို့နိုင်ခဲ့ပါတယ်။ ပြီးတော့ ကျောင်းထိုင်ဘုန်းကြီးထံ ၀င်ပြီး တပည့်တော်တို့ ပစ္စည်းတွေ အပ်ခဲ့ပါရစေဆိုပြီး ၀င်လျှောက်ရပါတယ်။ ဘုန်းကြီးကလည်း တာဝန်ယူပါတယ်။ သူ့ကျောင်းက ကပ္ပိယ ဦးလေးကြီးကို မင်းစောင့်ရှောက်နိုင်မလား ဆိုပြီး မေးတော့ ဦးလေးကြီးကလည်း တစ်ရက် နှစ်ရက် လောက်ဆိုရင်တော့ တာဝန်ယူပါတယ် ဆိုပြီး ပြန်လျှောက်ပါတယ်။ ကျွန်တော်လည်း တစ်ရက်နှစ်ရက်လောက်ပါပဲ... အမြန်ဆုံး ဆောက်မှာပါ ဆိုပြီး အပ်ခဲ့ရတော့တာပေါ့။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာ ရှိတဲ့ လက်သမားအဖွဲ့ရဲ့ အခြေအနေကြောင့် ဇွန်လ ၁၁ ရက်နေ့မှ စပြီးဆောက်ဖြစ်ခဲ့ပါတယ်။ လက်သမားတွေရဲ့အကြောင်း... လက်သမားတွေရဲ့ ပညာပြပုံ... လက်သမားတွေနဲ့ ပတ်သက်တဲ့ အခက်အခဲ ပြသနာလေးတွေကိုတော့ နောက်မှပဲ ကျွန်တော်ဆက်ရှင်းပြပါရစေ။။

အဲဒီလို စက်ဆန်းရွာလေးမှာ အိမ်သာ မဆောက်ခင်ကာလ ကြားရက်တွေမှာ ကျန်ရှိနေတဲ့ရွာတွေအတွက် လိုက်လုံးပမ်းနေခဲ့ရပါတယ်။ အဲဒီ စက်ဆန်းရွာအတွက် လိုတဲ့သစ်တွေကို နောက် နှစ်ရက်လောက်နေတော့ တစ်ခါထပ်ပို့ခဲ့ရပါတယ်။ အဲဒီသစ်တွေပို့တဲ့နေ့ကတော့ သိပ်အခက်အခဲ မရှိသလောက်ပါပဲ။ ပစ္စည်းတွေ နဲသွားတာကြောင့်လည်း ပါပါတယ်။ သဗ္ဗာန်တစ်စီးပဲ သုံးခဲ့ရပါတယ်။ ကျွန်တော်တို့ ဇွန်လ ၁၁ ရက်နေ့မှာ စက်ဆန်းရွာအတွက် အိမ်သာများ စတင်ဆောက်လုပ်ခဲ့ပါတယ်။ ပထမတုန်းကတော့ ရ.ယ.က ဥက္ကဌက ပြောတဲ့နေရာက ဘုန်းကြီးကုဋီရှေ့မှာ ရှိတဲ့ လျှောက်လမ်း ဘေးနားလေးမှာလို့ ပြောပါတယ်။ အဲဒါနဲ့ပဲ နေရာမှာပဲ ကျင်းတွေတူး၊ အုတ်ဖိနပ်တွေချ၊ ရေချိန်တိုင်းတဲ့ လုပ်ငန်းတွေကို နံနက် ၇ နာရီလောက်မှာ စတင်လုပ်ကိုင်ခဲ့ပါတယ်။ ရေချိန်တိုင်းတယ် ဆိုတာက ရွာတွေမှာ ဒီရေတက်တဲ့အလေ့အထ ရှိတာကြောင့် တက်မဲ့ရေနဲ့ ကျွန်တော်တို့ အိမ်သာအမြင့်.... နောက်ပြီး အုတ်ဖိနပ်ကို ကျင်းထဲ ဘယ်နှစ်လက်မ ထည့်ရမလဲဆိုတာကို တွက်ချက် တိုင်းတာခြင်းကို ဆိုလိုတာပါ။ ကျွန်တော် ယခုပြောနေတာက သိသလောက်လေး အကြမ်းဖျဉ်းပြောတာပါ။

အဲဒီဲလိုလုပ်လို့ ပြီးခါနီးမှာပဲ ကျောင်းထိုင်ဘုန်းကြီးက အဲဒီနေရာမှာ မသင့်တော်ဘူး၊ အိမ်သာဆိုတာ ဘာလဲမသိဘူး။ သူပြောတာတွေကတော့ အများကြီးပါပဲ။ ပါဠိလိုတွေ ပါတယ်။ အဲဒါနဲ့ပဲ အိမ်သာဆောက်ဖို့နေရာက ဘုန်းကြီးကုဋီဘေးက မြေကွက်လပ်လေးကို ရောက်သွားပါလေရော။ ကျွန်တော်တို့တွေ ငါးနာရီလောက် အချိန်ယူလုပ်လိုက်ရတဲ့ အလုပ်တွေ၊ ချွေးတွေ၊ အတွေးတွေဟာ စက္ကန့်ပိုင်းနဲ့တင် ချက်ချင်း အငွေ့ပျံ ပျောက်ကွယ်သွားခဲ့ပါတယ်ဗျာ။ အစစအရာရာ အားလုံးကို တစ်ကနေ ပြန်စရတော့တာပေါ့။ ပြောင်းလိုက်တဲ့ နေရာအသစ်ကျတော့လည်း မြေကြီးက ရွံ့နွံတွေမို့ ကျင်းတူးရာမှာ အခက်အခဲ တော်တော် ရှိခဲ့ပါတယ်။ အဲဒီနေ့က ကျွန်တော်တို့ နေ့လည်ထမင်းစားဖို့တောင် အချိန်မရခဲ့ပါဘူး။ နေ့တ၀က်လောက်က ဘာတစ်ခုမှ အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ နောက်ဆုံး အမြန်ပြန်လုပ်ခဲ့တာတောင်မှ ညနေ ၅ နာရီလောက်မှာ တိုင်ထောင်၊ ယက်မတန်းတွေ ရိုက်၊ ဒီလောက်ပဲ ပြီးစီးခဲ့ပါတယ်။

ဇွန်လ ၁၂ ရက်နေ့မှာတော့ မနက်စောစော ၆ နာရီလောက်ကတည်းက အိမ်သာဆောက်မယ့်နေရာကို ကျွန်တော်တို့ ရောက်ရှိနေခဲ့ပါပြီ။ မနက်စာကို အဲဒီစက်ဆန်းရွာက လက်ဖက်ရည်ဆိုင်လေးမှာပဲ စားခဲ့ကြပြီး လက်သမားအဖွဲ့ကို စောင့်ခဲ့ကြပါတယ်။ လက်သမားအဖွဲ့က မနက် ၇ နာရီလောက်မှ ရောက်လာခဲ့ကြပါတယ်။ ကျွန်တော်လည်း သူတို့လာတာနဲ့ အိမ်သာဆောက်မယ့်နေရာကို လိုက်ပြီး ကြပ်မတ်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီလို အချိန်ပြည့် လိုက်လုပ်နေတာတောင်မှပဲ ကျွန်တော်တို့ သစ်တွေထဲက သစ်တချို့တ၀က်ဟာ ဘယ်သူယူသုံးမှန်း မသိပဲ ပျောက်ဆုံးနေပါသေးတယ်။ အဲဒီကိစ္စကို ရ.ယ.ကဥက္ကဌကို ပြောတော့လဲ ဟိုလိုလို ဒီလိုလိုပါပဲ။ ကျွန်တော်တို့ အတော်ကို စိတ်ဓါတ်ကျရပါတယ်။ လူတွေဟာ တော်တော်ခက်တယ်။ လှူတဲ့တန်းတဲ့ ပစ္စည်းတောင် စည်းမရှိကြဘူး။ နောက်ပြီး သူတို့ရွာအတွက် ဒီလောက် အစစအရာရာ လိုက်လုပ်ပေးတာတောင်မှပဲ ပြန်လည်ကူညီမယ့်သူ မရှိဘူး။ ဥက္ကဌဆိုလည်း စကားပြောတိုင်ပင်ဖို့ သွားခေါ်တာတောင် လာချင်သလိုလို မလာချင်သလိုလိုနဲ့။

အဲဒီလို အခက်အခဲတွေကြားက လက်သမားနဲ့တိုင်ပင်ပြီး မနက် ၇ နာရီခွဲလောက်ကနေ စဆောက်လိုက်တာ ညနေ ၅ နာရီခွဲလောက်ကြတော့ အိမ်သာ အမိုး၊ အကာ၊ အခင်း၊ တံခါး အားလုံးလိုလိုပဲ ပြီးစီးသွားပါတယ်။ ကျင်းတူးပြီး အင်္ဂတေခွေချ၊ ပိုက်ဆက်၊ ရေနံချေးသုတ်၊ အဲဒီလောက်ပဲ ကျန်ပါတော့တယ်။ အဲဒီတော့မှပဲ လက်သမားတွေနဲ့အတူ လက်ဖက်ရည်လေးသောက်ပြီး အဖွဲ့ရဲ့ရုံးကို ပြန်ခဲ့ရပါတော့တယ်။ အဲဒီတော့မှ ဟင်းဆိုပြီး သက်ပြင်းတစ်လုံး ချနိုင်ခဲ့သည်ပေါ့။


ဇွန်လ ၁၃ရက်နေ့မှာ ထုံးစံအတိုင်းပဲ မနက်စောစော သွားခဲ့ပေမယ့် မနက် ၈ နာရီခွဲ အချိန်လောက်မှပဲ အလုပ်စနိုင်ခဲ့ပါတယ်။ လက်သမားတွေ နောက်ကျမှ ရောက်ခဲ့ကြရတယ်လေ။ သူတို့လည်း သူတို့မိသားစု အခက်အခဲလေး ဘာလေး ရှိမှာပေါ့ဗျာ။ ဒါတွေထားပါ... အဓိကက အလုပ်ပြီးဖို့ပဲ အရေးကြီးပါတယ်။ မဟုတ်ဖူးလား။ မနက် ၈ နာရီခွဲလောက်မှာ လက်သမားအဖွဲ့က နှစ်ယောက်က အိမ်သာကျင်းတွေတူးပြီး အင်္ဂတေခွေတွေ ချကြပါတယ်။ အင်္ဂတေခွေတွေချတာက တကယ်တော့ မလွယ်ဘူးဗျ။ ကျင်းက အနည်းဆုံး ၅ ပေလောက် တူးရတယ်။ နောက်ပြီး ခွေ ၁ ခွေကို မြေကြီးပေါ် တင်ထားရတယ်။ ရေတက်လာရင် ဆားဗစ်ကို ရေမမြုပ်အောင်ပေါ့။ သူတို့တူးနေတာကိုကြည့်ရတာ တော်တော်မလွယ်ပါဘူး။ ၃ပေလောက် တူးလိုက်တာ ရေတွေထွက်လာတော့ ကျင်းထဲ ရေပြည့်နေတယ်။ အဲဒီရေပြည့်နေတဲ့ ကျင်းထဲဝင်ပြီး လိုအပ်တဲ့ အနက်ပေပြည့်အောင် တူးပြီး ခွေချတော့လဲ အဲဒီလိုပဲ ချခဲ့ရတယ်။ ရေကတော့ ကျင်းထဲမှာ နည်းနည်းရှိတာပေါ့။


အဲဒီလို လုပ်တဲ့အချိန်မှာ ကျွန်တော်နဲ့ ကျန်တဲ့လက်သမားတစ်ယောက်က အိမ်သာကို ရေနံချေးသုတ်ခဲ့ပါတယ်။ အဲဒီလောက်တော့ ကျွန်တော်တို့လည်း လုပ်နိုင်ပါတယ်။ အမှန်တော့ လုပ်အားဒါနလေး ပါဝင်ချင်ရုံသက်သက်ပါ။ အဲဒီလို လုပ်လိုက်တာ နေ့လည် ၂ နာရီအချိန်လောက်မှာ အိမ်သာဟာ ပိုက်ဆက်ဖို့ပဲ ကျန်ပါတော့တယ်။ အိမ်သာပိုက်အတွက် တီပိုက်နဲ့ လေပိုက် လိုတာကြောင့် နောက်နေ့မှပဲ ဆက်မယ်ဆိုပြီး ကျွန်တော်လည်း တခြားရွာတွေဖြစ်တဲ့ အောက်ရုံနဲ့ အေးရွာမှာရှိတဲ့ ပစ္စည်းတွေကို သွားစစ်ဆေးခဲ့ပြီး ညနေ ၆ နာရီကျော်လောက်မှ အဖွဲ့ကိုပြန်ခဲ့ပါတယ်။ အဲ... မေ့လို့ အေးရွာမှာ နောက်လက်သမားနဲ့ ဆောက်တဲ့အခြေအနေ သွားကြည့်တာလဲပါတယ်။ ဒါပေမယ့် အဲဒီလက်သမားတွေက မမိုက်ဘူး။ ဦးနှောက်မဲ့တယ်။ အဲဒီအကြောင်းကို အေးရွာမှာဆောက်တဲ့ အိမ်သာအကြောင်းကျမှပဲ ပြောပြတော့မယ်။ ရွာတွေလိုက်ကြည့်ပြီး ပြန်လာတော့ ရုံးခန်းမှာ ကျွန်တော့်သူငယ်ချင်းတွေကို စက်ဆန်းက အိမ်သာကို မနက်ဖြန် အပ်မယ်၊ လိုက်ချင်တဲ့သူတွေ လိုက်ခဲ့လို့ ပြောပြခဲ့တယ်။ စင်္ကာပူက အဖွဲ့ကိုတော့ သင်္ယန်းကျွန်းအဖွဲ့ခွဲက လှမ်းပြီး အသိပေး ပြောကြားခဲ့ပါတယ်။


ဇွန်လ ၁၄ ရက်နေ့မှာတော့ သင်္ယန်းကျွန်းအဖွဲ့က နှစ်ယောက်... နံနက် ၈ နာရီလောက် အလုံမှာရှိတဲ့ ကျွန်တော်တို့ရဲ့ ရုံးခန်းကို ရောက်ရှိလာပါတယ်။ အိမ်သာဖွင့်ပွဲ တက်ဖို့တဲ့။ ကျွန်တော်တို့ဘက်က အဖွဲ့ဝင် ၆ ယောက်လောက် သွားဖို့စီစဉ်နေကြပါတယ်။ ဒါပေမယ့် ဖြစ်ချင်တော့ သွေးလှူတဲ့လုပ်ငန်းတွေကို တာဝန်ယူထားတဲ့ ၂ ယောက်က ကလေးဆေးရုံမှာ အရေးပေါ် သွေးလိုတယ်ဆိုလို့ သွေးလှူဖို့အတွက် ကျန်ခဲ့ကြပါတယ်။ အဲဒါနဲ့ပဲ မနက် ၈ နာရီခွဲမှာ ကျွန်တော်တို့ရုံးခန်းကနေ ကန္ဒားဈေးကို စတင်ထွက်ခွာခဲ့ပါတယ်။ ကန္ဒားဈေးရောက်တော့ ကျွန်တော်တို့ နောက်ဆုံးမှ ၀ယ်လေ့ရှိတဲ့ အိမ်သာမှာသုံးဖို့ ရေပုံး၊ ရေခွက်၊ ကမုတ်ခွက်ဆေးတဲ့ ဘရပ်လေးတွေဝယ်ပြီး သမ္ဗာန်ဆိပ်ကနေ စက်ဆန်းရွာကို ဆက်လက်ချီတက်ခဲ့ပါတယ်။ ဒီလိုနဲ့ စက်ဆန်းသွားတဲ့ ရေလမ်းမှာ ရှောရှောရှူရှူ သွားခဲ့ရပြီး စက်ဆန်းသမ္ဗာန်ဆိပ်ရောက်တော့ လှေအဆင်း မြင်းအတက်နဲ့ တွေ့တော့တာပါပဲ။ သင်္ယန်းကျွန်းအဖွဲ့က တစ်ယောက်.... လှေအဆင်းကို မဆင်းတတ်တော့ ခြေပစ်လက်ပစ် ပြုတ်ကျတာပေါ့။ တော်သေးတာက ဘေးကလှေသမားက လှမ်းဆွဲတာ မြန်သွားလို့။


အဲဒါနဲ့ ရှေ့ဆက် ဘုန်းကြီးကျောင်းကို သွား၊ ရ.ယ.က ဥက္ကဌခေါ်ပြီး အိမ်သာအပ်ဖို့ စီစဉ်ပါတယ်။ ဘုန်းကြီးကျောင်းကို ကျွန်တော်တို့ရောက်တော့ မနက် ၉း၃၀ လောက် ရှိပြီပေါ့။ ဒါပေမယ့် ကိုရွှေလက်သမားက ပိုက်ဆက်လို့ မပြီးသေးဘူး။ အဲဒါပြီးအောင် ထိုင်စောင့်ခဲ့ရသေးတယ်။ သူတို့ ပိုက်ဆက်လို့ပြီးတော့ နေ့လည် ၁၁ နာရီခွဲကျော်နေပြီ။ ဘုန်းကြီးက ဆွမ်းစားနေတာနဲ့ပဲ အိမ်သာကို ရ.ယ.က ဥက္ကဌကြီးကိုပဲ လွှဲအပ်လှူဒါန်းခဲ့လိုက်တယ်။ အဖွဲ့ဝင်အချို့က အိမ်သာထဲက ရေပုံးလေးတွေကို ကိုယ်တိုင်ကိုယ်ကျ ရေခပ်ဖြည့်ပေးခဲ့ကြပါတယ်။ နောက် အမှတ်တရ ဓါတ်ပုံမှတ်တမ်း ရိုက်ယူခဲ့ကြပါတယ်။ နေ့လည် ၁၂ နာရီ ၁၅ မိနစ်လောက်မှာပဲ ဘုန်းကြီးရှေ့သွားပြီး ရေစက်ချ အမျှဝေပြီး တရားနာခဲ့ကြပါတယ်။ တရားနာတဲ့အထဲမှာ တခုတော့ သေချာမှတ်မိခဲ့တယ်။ ကျွန်တော်က ဓါတ်ပုံလိုက်ရိုက်နေတော့ သေချာ မနာဖြစ်ခဲ့ဘူး။ ဘာတဲ့... သြော် ယင်ကောင်လို မကျင့်နဲ့ ပျားပိတုန်းလို ကျင့်တဲ့။ ကိုယ့်ဟာကိုယ်ပဲ သေချာ စဉ်းစားကြတော့ဗျာ။


အဲဒီလောက်ပါပဲ။ စက်ဆန်းရွာလေးနဲ့ ပတ်သက်လို့ ဖြတ်သန်းခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ အတွေ့အကြုံလေးတွေပါ။ အဲဒါတွေက လုပ်နေချိန် ဖြစ်နေချိန်မှာတော့ တော်တော့်ကို စိတ်ညစ်ခဲ့ရပေမယ့် အားလုံးပြီးလို့ အိမ်သာကြီး ဆောက်လုပ်ပြီးစီးပြီး ရေစက်ချ လှူဒါန်းခဲ့ရတဲ့အချိန် ခဏလေးအတွင်းမှာပဲ စိတ်ညစ်ခဲ့ရတဲ့အချိန်တွေ၊ ပင်ပန်းခဲ့တဲ့စိတ်တွေ၊ ထွက်ခဲ့တဲ့ချွေးတွေဟာ ပျောက်ကွယ်လို့ ရင်ထဲမှာ အလွန် အေးချမ်း ၀မ်းသာပီတိ ဖြစ်ခဲ့ရပါတယ်။

ကျွန်တော်တို့ RAVEN Blood Donor Club အနေနဲ့ အလှူရှင်များရဲ့ ပံ့ပိုးကူညီမှုများနဲ့အတူ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းများနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကို လေဘေးသင့် ပြည်သူများကို ထိရောက်စွာ ကူညီကယ်တင်နိုင်ဖို့ အတွက် အစဉ် ကြိုးပမ်းလျှက်ရှိပါတယ်။ ဒါကြောင့် သိချင်သော အချက်အလက်များကို အချိန်နှင့် တပြေးညီ တင်ပြနိုင်ခြင်း မရှိခဲ့ပါက နားလည် ခွင့်လွှတ် ပေးပါလို့ တစ်ခါတည်း ပန်ကြားလိုက်ပါရစေ ခင်ဗျာ။

No comments: