.:: (English version) Click HERE ::.

Monday, June 16, 2008

Rebuilding after Nargis

လပွတ္တာမြို့မှာ အိမ်သာများ ဆောက်လုပ်ရန်အတွက် Handy Myanmarအဖွဲ့က ကိုညီလင်းဆက်တို့ထံ အကူအညီတောင်းပြီး သူတို့အဖွဲ့ဝင် (၆) ဦးနဲ့အတူ ၂၀၀၈ ဇွန်လ ၆ ရက်နေ့ ညနေ ၆ နာရီမှာ လှိုင်သာယာ ဒဂုံဧရာ အဝေးပြေးကားဂိတ်မှ ရန်ကုန်လပွတ္တာ အဝေးပြေး ရွှေလ၀န်းယာဉ်နဲ့ လပွတ္တာမြို့ကို စီးနင်းလိုက်ပါခဲ့ပါတယ်။ ကားထိုင်ခုံတွေက တစ်ခုံနဲ့တစ်ခုံ အရမ်းကပ်တဲ့အတွက် ထိုင်ရတာ တော်တော် အခက်အခဲဖြစ်ခဲ့ရပြီး တစ်ညလုံး မအိပ်ရပဲ စီးနင်းခဲ့ရပါတယ်။

ဇွန်လ ၈ ရက်နေ့ နံနက် ၇ နာရီမှာ လပွတ္တာမြို့သို့ ရောက်ရှိခဲ့ပြီး ကိုညီလင်းဆက်တို့ နေအိမ်တွင် ခေတ္တအနားယူခဲ့ပြီး သူတို့အဖွဲ့ ဘတ်ဂျက်တဲများဆောက်လုပ်မှု အခြေအနေများကို လေ့လာရင်း ရွာတွေရဲ့ အခြေအနေနဲ့ အိမ်သာဆောက်ဖို့ ဘယ်လိုစီစဉ်ရင် ကောင်းမလဲ ဆိုပြီး ကိုညီလင်းဆက်တို့Handy Myanmar အဖွဲ့ဝင်တွေဆီက အကြံဥာဏ်များ တောင်းယူခဲ့ပါတယ်။

နောက်တစ်နေ့မှာ သူတို့အဖွဲ့ အိမ်ဆောက်မယ့်ရွာတွေကို သွားတဲ့ခရီးစဉ်တွေမှာ လိုက်လံလေ့လာခဲ့ပြီး ရွာသားတွေကို လှူဒါန်းတဲ့ ဒန်အိုး၊ စောင် စတဲ့ ဝေငှမှုတွေကို လိုက်လံကူညီ လုပ်ဆောင်ပေးခဲ့ပါတယ်။ အဲဒီနေ့က ဆိုရင် စက်လှေတစ်စီးကို ကိုယ့် ဒီဇယ်ဆီနဲ့ ငွေကျပ် ငါးသောင်းပေးပြီး ငှားခဲ့ရပါတယ်။ ဒီကြားထဲ လပွတ္တာဆိပ်ကမ်းက ရန်ကုန်က ပုံစံမျိုး မဟုတ်ပဲ စက်လှေတွေ အဆင့်ဆင့် ယှဉ်ရပ်ထားရတဲ့အတွက် လှေပေါ်ပစ္စည်းတင်ဖို့ကို စက်လှေတွေပေါ်က ဖြတ်သန်းပြီး တင်ရတဲ့အတွက် ခဲရာခဲဆစ် လုပ်ဆောင်ခဲ့ရပါတယ်။ ဒါတောင် လှူဒါန်းရမယ့် ပစ္စည်းတွေ တင်တာလောက်ပဲ ရှိပါတယ်။

အခု ကျွန်တော်တို့အနေနဲ့ အိမ်သာဆောက်ဖို့အတွက် ရန်ကုန်က သစ်တွေကို လပွတ္တာမြို့ပေါ်ကို အရောက်သယ်ပြီး ရွာတွေအထိ လိုက်ပို့ရမယ် ဆိုရင် အခြေအနေ ပိုဆိုးလိမ့်မယ်လို့ ထင်ပါတယ်။ နောက်ပြီး ကိုယ်ပိုင်ပဲ့ထောင်လေး တစ်စီးနဲ့ ပစ္စည်းလဲထား လူလဲနေလို့ရမယ့် အိမ်တစ်လုံးလောက်ကို လချုပ်နဲ့ငှားလို့ရရင်တော့ တော်တော်ကို အဆင်ပြေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီလို သူတို့နဲ့ လိုက်ပြီး စက်လှေပေါ်ပစ္စည်းတွေ တင်ပြီး မနက် ကိုးနာရီ အချိန်လောက် လပွတ္တာမြို့မှ စတင် ထွက်ခွာခဲ့တာ ဖြစ်ချင်တော့ ကျွန်တော်တို့ စက်လှေအင်ဂျင် ပျက်သွားလို့ ဆိတ်ကလေးကုန်းကျေးရွာကို ကမ်းကပ်ပြီး ပြင်ခဲ့ရပါတယ်။ ရောက်တုန်းရောက်ခိုက် လိုက်လေ့လာကြည့်တာ ရွာမှာ အိမ်သာမပြောနဲ့ အိမ်တောင် နှစ်လုံးသုံးလုံးလောက်ပဲ ရှိတဲ့အတွက် ကိုညီလင်းဆက်တို့ Handy Myanmar အဖွဲ့ဝင်တွေက အိမ်ဆောက်ဖို့ စာရင်းတွေ ယူကြပြီး စောင်တို့ ဒန်အိုးတို့ကိုလည်း လှူဒါန်းခဲ့ကြပါတယ်။

အဲဒီလိုနဲ့ နောက်တစ်နေ့ ဇွန်လ ၉ ရက်နေ့ မနက်မှာတော့ ကျွန်တော်တို့ မနက် ၇ နာရီလောက်ထဲက သမ္ဗာန်ဆိပ်ဆင်းပြီး အခြားရွာတွေဆီ ထပ်မံထွက်ခွာခဲ့ပါတယ်။ အရင်ဦးဆုံး ရောက်ခဲ့တဲ့ ရွာကတော့ ဒရယ်ဖြူကျေးရွာ၊ အဲဒီရွာမှာ စစ်တပ်အခြေစိုက်တွေရှိပြီး အိမ်တွေပြန်ဆောက်နေတာ တွေ့ရှိခဲ့ရပြီး ရေအိမ်ဆောက်ဖို့အတွက် လိုအပ်မှု သိပ်မရှိကြောင်း တွေ့မြင်ခဲ့ရပါတယ်။ ကိုညီလင်းဆက်တို့အဖွဲ့နဲ့အတူ ဆက်လက်ထွက်ခွာခဲ့ရာ ကန့်ဘလာပင်သို့ ရောက်ရှိခဲ့ပါတယ်။ ချောင်းဘေးမှာ ရေအိမ်ကို အခင်းအကာမရှိဘဲ တာပေါ်လင်စလေးတွေကာပြီး အသုံးပြုနေတာ တွေ့ရှိခဲ့ရပါတယ်။ ယင်လုံအိမ်သာ ဆောက်လုပ်ဖို့အတွက် မေးမြန်းခဲ့ရာ သူတို့ရွာမှာ ယင်လုံအိမ်သာ သုံးလေ့ရှိကြပေမယ့် မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးခဲ့တဲ့အတွက် ပြန်လည် မတည်ဆောက်နိုင်သေးပါဘူး။ ရွာသားတွေက အိမ်သာ ဆောက်လုပ်လှူဒါန်းပေးဖို့ ကမ်းလှမ်းခဲ့ကြပါတယ်။


အဲဒီရွာကနေ ပြန်လည်ထွက်ခွာခဲ့ရာ မိချောင်းတိုက်ဆိုသောရွာသို့ ရောက်ရှိခဲ့ပါတယ်။ ကစားနေတဲ့ ကလေးတွေကို သားတို့ အိမ်သာတက်ရင် ဘယ်မှာတက်လဲလို့... မေးတော့ ချောင်းထဲပဲ သွားပါတယ်လို့ ပြန်ဖြေပါတယ်။ အိမ်သာတက်ပြီးရင် ဘာလုပ်ရမလဲဆိုတော့ လက်ကို ဆပ်ပြာနဲ့ ဆေးရမယ်လို့ ပြောပါတယ်။ ကဲ... ကြည့်ပါအုံး... ကလေးတွေမှာ ကျန်းမာရေး အသိအမြင် နည်းနည်းစီ ရှိကြပေမယ့် ယင်လုံအိမ်သာ အလုံအလောက် မရှိဘူး။ ဒီလိုရွာမျိုးတွေမှာလဲ ဖြစ်နိုင်ရင် အိမ်သာ ဆောက်ပေးချင်မိပါတယ်။ အဲဒီိလိုသွားခဲ့ပြီး နေ့လည် ၁၂ နာရီ အချိန်လောက်မှာ တာဝန်ခံအရာရှိ ဗိုလ်မှူးနဲ့ တွေ့ခဲ့ပါတယ်။ ဗိုလ်မှုးက အခုလိုကူညီမှုတွေ များများလိုအပ်ကြောင်း... သူ့အနေနဲ့ တတ်နိုင်သလောက်တော့ ရွာတွေမှာ အိမ်သာတွေ ပြန်ဆောက်ထားပါတယ်။ ညီလေးတို့ကရော ဘယ်လိုပုံစံဆောက်မလဲ၊ လိုအပ်တဲ့အကူအညီရှိရင် ပြောပါလို့ ပြောပါတယ်။ အကယ်လို့များ အိမ်သာ ဆောက်ဖြစ်ရင် လာခဲ့ပါ၊ လိုအပ်တာ ကူညီပါ့မယ်လို့ ပြောပါတယ်။ ဗိုလ်မှုးနဲ့ စကားပြောပြီးတဲ့နောက်... ကိုညီလင်းဆက်တို့အဖွဲ့ ယူလာတဲ့ ကျန်းမာရေးအသိပေး စာစောင်လေးတွေကို ရွာထဲမှာ လိုက်လံ ဝေပေးလိုက်ပါတော့တယ်။

နောက်တစ်နေ့မှာလည်း ကွင်းသုံးဆင့်၊ သင်္ဃန်းကြီး၊ ကုက္ကိုလ်၊ ကညင်တပင်ရွာတွေကို လိုက်လေ့လာခဲ့ပါတယ်။ ရွာတွေအကုန်လုံးက ထူးခြားမှု သိပ်မရှိပါဘူး။ ရွာတိုင်းမှာတော့ လိုအပ်ချက်တွေ ရှိပါတယ်။ ကျွန်တော့်သဘောပြောရရင် ရွာအကုန်လုံးကို အိမ်သာ ဆောက်ပေးနိုင်ရင် ပိုအဆင်ပြေလိမ့်မယ်လို့ ထင်ပါတယ်။ အဲဒီနေ့က ရွာတွေကို တစ်ရွာဝင်တစ်ရွာထွက် လိုက်လေ့လာခဲ့ပြီး လပွတ္တာကအိမ်ကို ပြန်ရောက်တော့ ည ၈ နာရီလောက်တော့ ရှိပြီပေါ့။

လှေစီးရတာ တနေကုန် တနေခန်း စီးရတဲ့အပြင် လေစိမ်းတွေကလဲတိုက်၊ လေကောင်းလေသန့်ကလဲ မရနဲ့ အတော်လေး ပင်ပန်းပါတယ်။ ဖျားမလိုလို ဖြစ်နေတာနဲ့ နောက်ရက်တွေမှာ အနားယူခဲ့ပြီး ဇွန်လ ၁၃ ရက်နေ့မှာ လပွတ္တာကနေ ပြန်လာခဲ့ပြီး ဇွန်လ ၁၄ ရက်နေ့မှာ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ပါတယ် ခင်ဗျာ။

1 comment:

kingmth said...

hi i am myat thu hein.12 years old. do u wantt to link exchange with my blog? contact kingmth@falshband.net http://kingmth.blogspot.com