ဇွန်လ ၁၃ ရက်နေ့ မနက် ၆ နာရီမှာ အိပ်ရာထပြီး ၆ နာရီခွဲမှာ မနက်စာ ထမင်းကြော် စားကြပါတယ်။ မနက် ၈ နာရီမှာ ထူးရုံးခန်းကို သွားပြီး ခရီးရှည် စထွက်ဖို့ စီစဉ်ပါတယ်။ ခရီးစဉ် ပြောင်းလဲသွားတာကြောင့် မနက်ပိုင်းမှာ မသွားဖြစ်တော့လို့ တည်းခိုရာကို ပြန်လာခဲ့ပါတယ်။ နေ့လည် တစ်နာရီမှာ ထူးစခန်းရှိရာ ကြိမ်ချောင်းကြီးရွာကို ထွက်မယ့် စက်လှေရှိတာကြောင့် အဲဒီစက်လှေနဲ့ပဲ လမ်းကြုံ လိုက်ဖို့ စီစဉ်လိုက်ပါတယ်။ ဒါနဲ့ အဖွဲ့က ပစ္စည်းတွေကို ထုပ်ပိုးပြီး ထူးဂိုဒေါင်မှာ စက်လှေထွက်မယ့်အချိန်ကို လယ်ထွန်စက်မောင်းမယ့် လူအင်အား ၃၀ နဲ့အတူ စောင့်နေလိုက်ပါတယ်။ နေ့လည် ၁၂ နာရီမှာ နေ့လည်စာကို လူခွဲပြီး စားကြပါတယ်။
လမ်းကြုံလိုက်လို့ရမယ့် စက်လှေအမည်က ကြံတိုင်းအောင်ပါ။ အဲဒီ စက်လှေက ထူးရဲ့ မုန်တိုင်းသင့်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းအတွက် တခြားနေရာကနေ သစ်တွေ သွားသယ်နေတာပါ။ သစ်မှားသယ်လို့ အချိန်ထပ်ကြာပြီး ထပ်စောင့်လိုက်ရပါတယ်။ စက်လှေအမည်က ကြံတိုင်းအောင်ပါ။ ညနေ ၄ နာရီမှ စက်လှေ ရောက်လာပါတယ်။ ဒါပေမယ့် စက်လှေက တာဝန်ရှိသူတစ်ယောက်က စက်လှေမှာ ကုန်တွေများနေလို့ လူအများကြီး တင်လို့ မရတော့ကြောင်း လာပြောပါတယ်။ အဲဒါနဲ့ ထူးက ကျွန်တော့်တို့အဖွဲ့ဝင် ၅ ယောက်ကိုပဲ ထည့်ပေးလိုက်ပါတယ်။ စက်မောင်း အယောက် ၃၀ ကတော့ ကျန်နေခဲ့ပါတယ်။
ညနေ ၅ နာရီလောက်မှာ ကြိမ်ချောင်းကြီးရွာကို အသွား လမ်းခုလတ်မှာ လေကြီးမိုးကြီးတွေ ကျလာလို့ လိုက်လာတဲ့သူ အားလုံး ဘုရားတနေရပါတယ်။ ဒါပေမယ့် စက်လှေက ကြီးတော့ ဘာမှမဖြစ်ခဲ့ပါဘူး။ ည ၉ နာရီမှာ ကြိမ်ချောင်းကြီးရွာကို ရောက်ပါတယ်။ လှေဆိပ်ကနေ ထွက်လာပေမယ့် ဘယ်ကို သွားရမှန်း မသိပါဘူး။ အရာရာက မှောင်မှိက်နေပါတယ်။ နောက်ဆုံး ရွာသားတွေရဲ့ အကူအညီနဲ့ ထူး စခန်းချတဲ့နေရာကို ရောက်ရှိခဲ့ပါတယ်။ ထူးမှ တာဝန်ရှိသူများက ညအိပ်တည်းခိုဖို့ နေရာထိုင်ခင်းများကို စီစဉ်ပေးပါတယ်။ ကျွန်တော်တို့အဖွဲ့အနေနဲ့ ထူးစခန်းကနေတဆင့် အဲဒီအနားတ၀ိုက်က ရွာတွေကို သွားဖို့ စီစဉ်ထားတာပါ။ ဒါကြောင့် စခန်းတာဝန်ရှိသူတွေက နောက်တစ်နေ့ မနက်မှာ ထွက်ခွါမယ့် စက်လှေအချိန်ကို ပြောပြပါတယ်။ အဲဒီမှာ စားစရာ ဘာမှ မရှိတော့လို့ ညစာ မစားပဲ ဒီအတိုင်း အိပ်ရာဝင်ခဲ့ရပါတယ်။

No comments:
Post a Comment