ဇွန်လ ၁၄ ရက်နေ့ မနက် ၅ နာရီမှာ အဖွဲ့သားအားလုံး မျက်နှာသစ်ဖို့ အချိန်တောင် မရပဲ စက်လှေပေါ်ကို အပြေးအလွှား တက်ကြရပါတယ်။ ထူးက ကျောင်းဆောက်ဖို့ အတွက် သယ်လာတဲ့ သစ်တွေကို ဖားကူးသဘောင်္ပေါ် တင်ပြီးနေပါပြီ။ အဲဒါနဲ့ မနက် ၅ နာရီခွဲမှာ လက်သမားတွေနဲ့အတူ ကျွန်းသာယာရွာကို ထွက်ခွါလာခဲ့ပါတယ်။ လမ်းတစ်လျှောက်လုံး လေမိုးတွေ ကြီးနေပါတယ်။ မနက် ၇ နာရီခွဲမှာ ကျွန်းသာယာကို ရောက်ပါတယ်။ သစ်ချတဲ့ အဖွဲ့က သစ်တွေချနေတုန်း ကျွန်တော်တို့ အဖွဲ့သားတွေက ရွာက လူကြီးတွေနဲ့ သွားရောက်တွေ့ဆုံပြီး လက်ရှိ လူဦးရေကို မေးမြန်းပါတယ်။ အဲဒီရွာမှာ အိမ်ခြေ တစ်ရာကျော်နဲ့ လူဦးရေ သုံးရာခန့် ရှိပါတယ်။ လူကြီးတွေကို ရေသန့်ဆေးပြား အသုံးပြုပုံကို ရှင်းလင်းပြသပြီး ရွာထဲက အိမ်တွေမှာ ရေသန့်ဆေးပြားများ ဝေပေးဖို့ ပြောခဲ့ပါတယ်။ ရေသန့်ဆေးပြား အပြား ၁၀၀ ပေးခဲ့ပါတယ်။
မနက် ၉ နာရီမှာ ကျွန်းသာယာက ပြန်လည် ထွက်ခွါခဲ့ပြီး ခါချဉ်ကျွန်းကို ခရီးဆက်ပါတယ်။ ခါချဉ်ကျွန်းကို နေ့လည် ၁၁ နာရီခွဲမှာ ရောက်ပါတယ်။ ထုံးစံအတိုင်း ရွာက လူကြီးတွေနဲ့ တွေ့ဆုံပြီး ဆေးပြား အသုံးချပုံကို ရှင်းလင်းပြသပါတယ်။ ခါချဉ်ရွာမှာ အိမ်ခြေ ၃၂ အိမ်ရှိပြီး လူဦးရေက ၁၃၂ ယောက်ပါ။ ခါချဉ်ကျွန်းအတွက် ရေသန့်ဆေးပြား အပြား ၅၀ ပေးဝေခဲ့ပါတယ်။ ခါချဉ်ကျွန်းကနေ နေ့လည် ၁၂ နာရီခွဲမှာ ပြန်လည်ထွက်ခွါခဲ့ပြီး ပွတ်လုံးတိုင်ရွာကို နေ့လည် ၂ နာရီမှာ ရောက်ရှိခဲ့ပါတယ်။ အဲဒီရွာမှာက အိမ်ခြေ ၂၅ အိမ်၊ လူဦးရေ ၁၀၀ ယောက် ရှိပါတယ်။ ပွတ်လုံးတိုင်ရွာအတွက် ဆေးပြား အပြား ၅၀ ပေးခဲ့ပါတယ်။ ခရီးစဉ်တစ်လျှောက်လုံး ထူးက ပံ့ပိုးပေးထားတဲ့ ဖားကူးသဘောင်္လေးနဲ့ ရွာတွေကို တစ်ရွာဝင် တစ်ရွာထွက် ခရီးဆက်နေပါတယ်။ပွတ်လုံးတိုင်ကနေ ထွက်လာခဲ့တာ ညနေ ၄ နာရီမှာ ကြက်ပြေးရွာကို ရောက်ရှိပါတယ်။ ခရီးစထွက်တဲ့အချိန် မနက်ကတည်းက အခုချိန် ညနေ ၄ နာရီအထိ အဖွဲ့သားတွေ ဘာမှ မစားရသေးပါဘူး။ သောက်စရာ ရေလည်း မရှိတဲ့အတွက် မြစ်ရေကိုပဲ ရေသန့်ဗူးထဲထည့် ဆေးခပ်ပြီး သောက်ခဲ့ရပါတယ်။ ကြက်ပြေးရွာ ရောက်တော့ ထန်းလျှက်ခဲလေး တစ်ထုပ်ပဲ ၀ယ်လို့ရခဲ့တယ်။ အဲဒါနဲ့ ထန်းလျှက်ခဲကို ငါးယောက် ဝေမျှ စားလိုက်ရတာပေါ့။ ကြက်ပြေးရွာမှာ အိမ်ခြေ ၈၁ အိမ်နဲ့လူဦးရေ ၂၃၂ ဦးရှိတဲ့အတွက် ရေသန့်ဆေးပြား အပြား ၁၀၀ ပေးခဲ့ပါတယ်။ ကြက်ပြေးရွာကနေ ညနေ ၄ နာရီ ၄၅ မိနစ်မှာ ပြန်လည် ထွက်ခွါခဲ့ပြီး ညောင်ပိတ်ရွာကို ညနေ ၅ နာရီခွဲမှာ ရောက်ရှိပါတယ်။ ညောင်ပိတ်ရွာမှာက အိမ်ခြေ ၂၀ နဲ့ လူဦးရေ ၆၁ ဦးရှိပါတယ်။ ညောင်ပိတ်ရွာအတွက် ဆေးပြား အပြား ၅၀ ပေးခဲ့ပြီး ၆ နာရီမှ ထူးစခန်း တည်ရှိရာ ကြိမ်ကျောင်းကြီးကို ပြန်လှည့်လာခဲ့ပါတယ်။ ထူးစခန်းကို ည ၇ နာရီခွဲမှာ ရောက်ရှိပါတယ်။
ဇွန်လ ၁၅ ရက်နေ့မှာ ကြိမ်ကျောင်းကြီးကနေ ဘိုကလေးမြို့ကို ပြန်တဲ့ လမ်းတစ်လျှောက်က ရွာတွေကို ၀င်ပြီး ရေသန့်ဆေးပြားများ ဝေငှဖို့ စီစဉ်ထားပါတယ်။ မနက် ၈ နာရီမှာ မကျင်မြိုင်ရွာကို ရောက်ရှိပါတယ်။ ရွာမှာ အိမ်ခြေ ၇၀ နဲ့ လူဦးရေ ၁၃၀ ရှိတဲ့အတွက် ဆေးပြား အပြား ၅၀ ပေးခဲ့ပါတယ်။ ပိတ်ချောင်းရွာကို မနက် ၁၀ နာရီခွဲမှာ ရောက်ရှိခဲ့ပြီး ဆေးပြား အပြား ၅၀ ဝေငှပေးခဲ့ပါတယ်။ ပိတ်ချောင်းကနေ နေ့လည် ၁၁ နာရီ ၄၅ မိနစ်မှာ ထွက်ခွါလာခဲ့ပြီး လ၀ိုင်းကျွန်း(အနောက်)ရွာကို နေ့လည် ၃ နာရီမှာ ရောက်ရှိခဲ့ပါတယ်။ အိမ်ခြေ ၂၀၀ လူဦးရေ ၃၀၀ ရှိတဲ့အတွက် ဆေးပြား အပြား ၁၀၀ ပေးဝေခဲ့ပါတယ်။ ညနေ ၄ နာရီမှာ လ၀ိုင်းကျွန်းကနေ ပြန်လည် ထွက်ခွါခဲ့ပါတယ်။
လ၀ိုင်းကျွန်းကနေ ပြန်ထွက်လာတဲ့ လမ်းခရီးတစ်လျှောက်လုံး လှိုင်းလေ အတော်ကြီးပါတယ်။ လှိုင်းပုတ်တဲ့ ဒဏ်ကို အတော်လေး ခံရပါတယ်။ လူသေအလောင်းတွေကိုလည်း တွေ့နေရပြီး အပုပ်နံ့တွေလည်း ရပါတယ်။ ညနေ ၅ နာရီမှာ လ၀ိုင်းကျွန်း (အရှေ့)ရွာကို ရောက်ရှိခဲ့ပါတယ်။ အဲဒီမှာ အိမ်ခြေ ၁၀၀ လူဦးရေ ၂၀၀ ရှိပါတယ်။ အဲဒီရွာအတွက် ဆေးပြား ၁၀၀ ပေးဝေခဲ့ပါတယ်။ အဖွဲ့သားတွေလည်း ဗိုက်ဆာတာနဲ့ ရွာထဲက မုန့်ဆိုင်မှာ မုန့်ဝယ်တာ ဇီးထုပ် ၈ ထုပ်ပဲရပါတယ်။ အဲဒါနဲ့ အဆာပြေအဖြစ် ဇီးထုပ် ၈ ထုပ်ကို ခွဲဝေစားခဲ့ရပါတယ်။ လ၀ိုင်းကျွန်း(အရှေ့)ရွာကနေ ဘိုကလေးမြို့ကို ပြန်လည်ထွက်ခွါခဲ့တာ ည ၉ နာရီမှာ ဘိုကလေးမြို့ကို ပြန်လည် ရောက်ရှိခဲ့ပါတယ်။ ကမ်းနားက ထမင်းဆိုင်တွေ အားလုံး ပိတ်သွားပြီဖြစ်လို့ တရုတ်ဆိုင်က ခေါက်ဆွဲကြော်တွေကို မှာပြီး စားခဲ့ရပါတယ်။ နှစ်ရက်အတွင်း ငတ်ခဲ့သမျှ အခုမှ စားရတဲ့ ဘ၀တွေပေါ့ဗျာ။ ချောချောမွေ့မွေ့ ပြန်လည် ရောက်ရှိကြောင်း ထူးရုံးခန်းကို သွားရောက် အကြောင်းကြားပြီး တည်းခိုတဲ့ နေရာကို ည ၁၁ နာရီမှာ ရောက်ရှိခဲ့ပါတယ်။

No comments:
Post a Comment