.:: (English version) Click HERE ::.

Wednesday, May 14, 2008

Nargis Relief Operation

ကျွန်တော်တို့ ရက်ဗန်အဖွဲ့ မေလ ၁၃ ရက်နေ့ ၂၀၀၈ မှာ ဒလမြို့နယ်အတွင်းရှိ ကယ်ဆယ်ရေးစခန်းများကို အစားအစာများ ပံ့ပိုးကူညီပေးခဲ့ပါတယ်။ အခုအလှူအတွက် လိုအပ်တဲ့ ငွေကြေးပံ့ပိုးမှုကို Cyclone Relief Fund မှ ရရှိပါတယ်။ မနက် ၉ နာရီလောက်မှာ စုရပ်မှာ သိုလှောင်ထားတဲ့ ပဲအိတ် ၂၃ အိတ်ကို သယ်ဆောင်ပြီး ဆန်ဂိုဒေါင်ရှိရာ လှိုင်သာယာ စက်မှုဇုံ ၂ ကို ထွက်လာခဲ့ပါတယ်။ ဆန်ဂိုဒေါင်ကိုရောက်တော့ ဆန်အိတ် ၂၀၀ ကို တင်ပါတယ်။ ဆန်ညံ့တွေ မပါအောင် စစ်ဆေးပေးပြီး ဆန်ညံ့တွေပါတဲ့အိတ်တွေကို ချက်ချင်း ပြန်လဲပေးပါတယ်။ ဆန်အိတ်တွေ တင်ပြီးတော့ လှိုင်သာယာဘက်ကနေ ဒလမြို့ကို ထွက်လာခဲ့ပါတယ်။ ဒလကိုသွားတဲ့ မြစ်ကူးဇတ်သဘောင်္က ရပ်နားထားတဲ့အတွက် လှိုင်သာယာဘက်က သွားရတာပါ။



နေ့လည် ၁၂ နာရီလောက်မှာ ဒလမြို့ကို ၀င်ခဲ့ပါတယ်။ ကျန်စစ်သားရပ်ကွက်ကို ဆန်ကားကြီး ၀င်လာတာနဲ့ ဆန်ဝေမယ့်ထင်ပြီး ထွက်လာတဲ့ ကလေးအုပ်ကြီးက အတော်လေးကို များပါတယ်။ ဖွေးဖွေးကို လှုပ်နေပါတယ်။ အခုချက်ချင်း ဆန်ဝေပေးဖို့ မဖြစ်နိုင်သေးကြောင်း မနည်းကို ရှင်းပြရပါတယ်။ ဒလမြို့နယ် မယက ကို ဖုန်းဆက်ပြီး ဆန်လှူဖို့ ရောက်ရှိနေကြောင်း သတင်းပို့ခဲ့ပါတယ်။ မယကဦးစီးက ရုံးကို ဆန်တွေ လာပို့ပေးဖို့ ပြောပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျန်စစ်သားရပ်ကွက် ကယ်ဆယ်ရေးစခန်းကို ရောက်ရှိနေပြီဖြစ်တဲ့အတွက် တခါတည်း ဆန်အိတ်တွေ ချပေးခဲ့မယ့်အကြောင်း၊ ကားပါလာတဲ့အတွက် ကျန်တဲ့ ကယ်ဆယ်ရေးစခန်းများကိုလည်း တလက်စတည်း ဆန်အိတ်များ ဆက်လက်ဝေငှပေးမယ့်အကြောင်း ပြောခဲ့ပါတယ်။ ဒါနဲ့ ကယ်ဆယ်ရေးစခန်းမှာပဲ ဆန်အိတ်တွေ လှူခွင့်ရလိုက်ပါတယ်။ ကျန်စစ်သားရပ်ကွက်မှာ အိမ်ခြေ ၂၀၀၀ ကျော် ပျက်ဆီးသွားပြီး လူဦးရေ ၁၀၀၀၀ ကျော် လေဘေးသင့်ခဲ့ပါတယ်။



ကျန်စစ်သားရပ်ကွက်မှာ လှူဒါန်းပြီးတော့ ကမာကဆစ်ရပ်ကွက်ရှိ အနောက်ကျောင်း ကယ်ဆယ်ရေးစခန်းကို ဆက်လက်ထွက်ခွါခဲ့ပါတယ်။ ကျောင်းထိုင်ဆရာတော်ကို လျှောက်ထားပြီး လှူဒါန်းမယ့် ဆန်အိတ်များကို ကျောင်းအတွင်းသို့ ပို့ဆောင်သယ်ယူကြပါတယ်။ အဲဒီကျောင်းမှာပဲ မြန်မာနိုင်ငံ မွတ်ဆလင်အဖွဲ့ချုပ်က ကုသိုလ်ဖြစ် ဆေးကုသရေးအဖွဲ့များက လေဘေးသင့်ပြည်သူများကို ကုသပေးနေပါတယ်။ ကျောင်းအတွက်လည်း သိန်း ၃၀ တန် ရေသန့်စက်တစ်လုံး တပ်ဆင်ပေးမှာဖြစ်ကြောင်း မွတ်ဆလင်အဖွဲ့ချုပ် တာဝန်ရှိသူများက ပြောကြားပါတယ်။



ကမာကဆစ် အနောက်ကျောင်းနဲ့ ကပ်လျှက် အလယ်ကျောင်းကိုလည်း ဆန်အိတ်များ လှူဒါန်းခဲ့ပါတယ်။ အလယ်ကျောင်းမှာက ဘုန်းကြီးတွေပဲ ရှိပေမယ့် ဆရာတော်က ကောက်ခံရရှိသမျှတွေကို ထမင်းဟင်းချက်ပြီး ဒလမြို့တွင်းမှာ အလှည့်ကျ ပေးဝေလှူဒါန်းနေပါတယ်။ ကျောင်းက ကိုယ်တော်တွေ၊ ဖိုးသူတော်တွေ ချက်ထားတဲ့ ထမင်းဟင်းများကိုလည်း လိုက်လံပြသပါတယ်။ ကျွန်တော်တို့ သွားတဲ့နေ့က ငါးဟင်းချက်ပါတယ်။ နောက်နေ့မှာတော့ ကျွန်တော်တို့ လှူခဲ့တဲ့ ကုလားပဲခြမ်းတွေနဲ့ ကုလားပဲဟင်းချက်မယ့် အကြောင်း မိန့်တော်မူပါတယ်။



ကမာကဆစ်က ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းကို လှူဒါန်းပြီးနောက် တပင်ရွှေထီးရပ်ကွက်က အလယ်တန်းကျောင်းမှာ ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်းကို ဆက်လက် ထွက်ခွါခဲ့ပါတယ်။ အဲဒီစခန်းမှာ ဆန်ပြတ်လပ်နေပါပြီ။ ကျွန်တော်တို့အဖွဲ့က လာလှူတဲ့ဆန်နဲ့ ညစာချက်ကြရမှာပါ။ ကလေးတွေကတော့ ထမင်းစားရမှာမို့လို့ အတော်ပျော်နေကြပါတယ်။



တပင်ရွှေထီးမှာ လှူဒါန်းပြီးတဲ့အခါ မြို့မ(၄)ရပ်ကွက်ကို ဆက်လက် ထွက်ခွါခဲ့ပါတယ်။ ညနေ ၄ နာရီကျော်နေပါပြီ။ လမ်းတလျှောက် ပြိုလဲနေတဲ့ အပင်တွေ၊ အောက်ကို အိပြီး ကျနေတဲ့ ဓါတ်ကြိုးတွေကို မနည်းရှောင်ကွင်းပြီး ကားကို မောင်းခဲ့ရပါတယ်။ မြို့မ(၄)ရပ်ကွက်က မူလတန်းကျောင်းကို ရောက်တဲ့အခါ ဆန်အိတ်တွေ ချပေးခဲ့ပါတယ်။ ရှေ့ပြေးမောင်းလာတဲ့ ဂျစ်ကားက ဘရိတ်ပေါက်သွားတဲ့အတွက် တပင်ရွှေထီးမှာ ပြင်ဆင်ပြီး ကျန်နေခဲ့ပါတယ်။ ဒါနဲ့ မြို့မ(၄) ကယ်ဆယ်ရေးစခန်း တာဝန်ခံတွေကို ဂျစ်ကားလေး လာရင် အံကြီးအနောက်ကို ဆက်လိုက်လာခဲ့ပါ မှာကြားခဲ့ပြီး ခရီးဆက်ခဲ့ပါတယ်။



ညနေ ၅ နာရီလောက်မှာ အံကြီး(အနောက်)ရပ်ကွက်ကို ရောက်ရှိခဲ့ပါတယ်။ အံကြီးအနောက်မှာ အလယ်ကျောင်းဆရာတော်က လှူဒါန်းနေတဲ့ ထမင်းထုပ်ဝေတဲ့အဖွဲ့ကို တွေ့ခဲ့ရပါတယ်။ ထမင်းထုပ်ကို တန်းစီနေကြတာ ကျိတ်ကျိတ်တိုးပါပဲ။ ကယ်ဆယ်ရေးစခန်းအတွက် ဆန်အိတ်တွေချပြီး ညနေစာကို အနားက လက်ဖက်ရည်ဆိုင်နဲ့ အသုပ်ဆိုင်မှာ စားကြရပါတယ်။ ကားပြင်ပြီး ပြန်လာတဲ့ ဂျစ်ကားနဲ့အဖွဲ့ ပြန်ရောက်လာမှပဲ ရန်ကုန်အပြန်ခရီးကို ညနေ ၆ နာရီခွဲကျော်မှာ စတင်ခဲ့ပါတယ်။ မိုးတွေကလည်းရွာ၊ ကားကလည်း ကျန်းမာရေး မကောင်းတာနဲ့ ရန်ကုန်ကို ဖြည်းဖြည်းပဲ မောင်းလာခဲ့ပါတယ်။ ရန်ကုန်ကို ည ၉ နာရီထိုးခါနီးမှာ ရောက်ရှိခဲ့ပါတယ်။

No comments: