.:: (English version) Click HERE ::.

Friday, May 23, 2008

Rebuilding after Nargis

လောလောဆယ်မှာ ကျွန်တော်တို့ ရက်ဗန်အဖွဲ့က ကြည့်မြင်တိုင်မြို့နယ်အပိုင် လှိုင်မြစ်တစ်ဖက်ကမ်းက ရွာ ၁၁ ရွာမှာ အိမ်သာတွေ ဆောက်လုပ်ဖို့ စီစဉ်နေပါတယ်။ ကြည့်မြင်တိုင်မြို့နယ် အပိုင်ဖြစ်ပေမယ့် ရွာတွေက အတော်လေး ခေါင်ပါတယ်။ တချို့ရွာတွေဆို လှည်းလမ်းတောင် မရှိပါဘူး။ ဆိုင်ကယ်လည်း မ၀ယ်နိုင်ကြပါဘူး။ တစ်ရွာနဲ့ တစ်ရွာ ၇ မိုင်လောက် ခြေကျင်လျှောက်ရပါတယ်။ လယ်ကန်သင်းရိုးပေါ်ကနေ သွားလာရတာ များပါတယ်။


ရွာတွေမှာရှိတဲ့ ရေတွင်းရေကန်များဟာ သန့်ရှင်းမှု မရှိပါဘူး။ ရေထွက် ညံ့တာလည်း ပါပါတယ်။ ရွာအများစုကတော့ ကန်ကြီးတွေ တူးထားပြီး မိုးရာသီမှာ ရွာတဲ့မိုးရေတွေကိုပဲ လှောင်ထားပြီး သောက်ရေအဖြစ် သုံးကြပါတယ်။ ကျန်းမာရေးအတွက် ရေကို ကျိုချက်သုံးသင့်တဲ့ နေရာတွေပါ။ သုံးရေကိုတော့ အများစုက မြစ်ထဲကနေ ယူကြပါတယ်။ မြို့နယ်ထွေအုပ်ရုံးကတော့ သောက်ရေသန့် တိုင်ကီတွေကို စက်လှေတွေနဲ့ သယ်ပြီး ရွာတွေကို ပေးပို့ထောက်ပံ့နေတာလည်း ရှိပါတယ်။

လက်ရှိသုံးနေတဲ့ အိမ်သာတွေကတော့ လောက်တဖွားဖွားပါပဲ။ ကျင်းတွေကလည်း ပြည့်လျှံနေပါတယ်။ အနံ့အသက်ကတော့ ပြောမနေပါနဲ့တော့။ လှုပ်လီလှုပ်လဲ့ အိမ်သာတွေပေါ်ကို တက်ကြည့်ရတာလည်း အသဲယားစရာပါပဲ။ မတော်လို့ ပြုတ်ကျရင် ချီးတွင်းကြီးထဲကို တန်းနေတာပါပဲ။ အိမ်သာအများစုကတော့ ပျက်ဆီးနေပါတယ်။ ကယ်ဆယ်ရေးစခန်းတွေမှာ လောလောဆယ် ၀မ်းရောဂါဖြစ်နေသူက ၁၇ ယောက် ရှိနေပါပြီ။ ဒါကြောင့် ယင်လုံအိမ်သာတွေ ပြန်ဆောက်ပေးဖို့ လိုအပ်နေတဲ့ရွာတွေပါ။


ရွာတွေက စုစုပေါင်း ၁၁ ရွာရှိပါတယ်။ ဦးမြ၊ ငဇင်၊ ဆိပ်ကြီး၊ အလတ်ချောင်း၊ စက်ဆန်း၊ အောက်ရုံ၊ အေးရွာ (အရှေ့)၊ အေးရွာ (အနောက်)၊ ဗလုတ်ညွှန့်နဲ့ ၀ါးရုံဆိပ်တို့ပါ။ လူဦးရေကတော့ ၃၈၀၀၀ ကျော်ပါတယ်။ တောကျီးကန်းအဖွဲ့အနေနဲ့ လောလောဆယ် ရွာတစ်ရွာမှာ အများသုံးအိမ်သာ ၄ လုံးလောက် ဆောက်ဖို့ ရည်ရွယ်ထားပါတယ်။ အိမ်သာတွေကိုတော့ သွပ်မိုး ပျဉ်ကာဆောက်ဖို့ မှန်းထားတယ်။ ကျင်းကိုတော့ အစက ၀ါးထရံခွေတွေ စွပ်ပြီး ကျင်းထဲချဖို့ စီစဉ်ပေမယ့် မြစ်ရေတက်တဲ့ အနေအထားကြောင့် ကွန်ကရစ်ခွေတွေ ၀ယ်ရမယ့်အနေအထားပါ။ နို့မဟုတ်ရင် ကျင်းက ခဏခဏ ပြိုပါတယ်။


ပထမအဆင့်အနေနဲ့ ရွာ ၄ ရွာမှာ စုစုပေါင်း အိမ်သာ ၁၆ လုံးဆောက်ပါမယ်။ အခု ပထမဦးဆုံးအနေနဲ့ အလတ်ချောင်းရွာမှာ ၄ ခန်းတွဲ အိမ်သာကို စဆောက်ပါပြီ။ ဆောက်လုပ်ဖို့အတွက် မြေနေရာရွေးတာတွေ၊ လက်သမားဆရာနဲ့ ညှိုနှိုင်းတာတွေကို လုပ်ဆောင်နေပါတယ်။ နောက်ထပ် ရွာ ၃ ရွာကိုလည်း အိမ်သာဆောက်ဖို့အတွက် ဆက်လက် ရွေးချယ်နေပါတယ်။ လောလောဆယ် ဈေးနှုန်းတွေကတော့ သွပ်တစ်ချပ်ကို ရှစ်ထောင်ကျပ်ပါ။ သစ်တစ်တန်ကို ငါးသိန်း ရှစ်သောင်းကျပ်ပါ။ ကွန်ကရစ် အိမ်သာကျင်းခွေ တစ်ခွေအတွက် ရှစ်ထောင်ကျပ်ပါ။ အိမ်သာ ၁ လုံး ပျဉ်းမျှ ကုန်ကျစရိတ်က ၃ သိန်းနဲ့ ၄ သိန်း ကြားမှာ ရှိနေပါတယ်။


ပြန်လည်ထူထောင်ရေးလုပ်နေတဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ နေရာတွေ တူနေ ထပ်နေရင်၊ လုပ်ငန်းတွေ တူနေရင် ထပ်နေရင် မကောင်းဘူးလေ။ လိုအပ်ချက်တွေရှိနေတဲ့ တခြားနေရာတွေကို သွားနိုင်အောင် ကျွန်တော်တို့အဖွဲ့ လုပ်ဆောင်နေတဲ့ ပရောဂျက်အကြောင်းလေးကို ဒီနေရာမှာ သတင်းပေးဝေမျှတာပါခင်ဗျာ။

No comments: